၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာနှင့် စာမေးပွဲဝင်ကြေးအတွက် ငွေသွင်းတံဆိပ်ခေါင်း ရောင်းချပေးမည်

နေပြည်တော်  ၂၁ ဩဂုတ်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် ငွေကျပ် ၂၀ဝ နှင့် စာမေးပွဲဝင်ကြေးအတွက် ငွေကျပ်  ၇၀ဝ တန် ပညာရေးဝန်ကြီးဌာန  ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စက်တင်ဘာ ၂ ရက်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲဝင်ခွင့် လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ် ၁၊ ၅၊ ၆၊ ၇၊ ၈ တို့ဖြင့် ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် လည်းကောင်း၊ ဘာသာတွဲအမှတ်စဉ် ၂၊ ၃၊ ၄ တို့ဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြား ပုံစံဖြင့်လည်းကောင်း တင်သွင်းရန် အရောင်ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲ ဝင်ကြေးအတွက် ငွေကျပ် ၇၀ဝ တန် ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင် ကပ်၍ မိမိအမှန်တကယ် နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် စက်တင်ဘာ  ၂  ရက်မှ ၃၀ ရက်အတွင်း တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုင်ပိုင်အထက် တန်းကျောင်းများမှ ဖြေဆိုရန်   လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများက စာမေးပွဲဝင်ကြေး ငွေကျပ် ၇၀ဝ တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး  လျှောက်လွှာ တစ်စောင်ချင်းတွင်ကပ်၍  စုပေါင်းကာ မြန်မာနိုင်ငံစာစစ် ဦးစီးဌာနသို့ စက်တင်ဘာ ၂ ရက်မှ ၃၀ ရက်အတွင်း တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိမည်မဟုတ်ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်ကြောင်း၊ မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ၊ မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ  ဖြည့်စွက်ပေးပို့ကြရမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို နေပြည်တော်၊ ရုံးအမှတ် (၅၂) မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ အမှတ်(၁၂) ရပ်ကွက် ပါရမီလမ်း အခြေခံပညာကျောင်းသုံး စာအုပ် သိုလှောင်ရုံအနီး  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနနှင့် ရန်ကုန်မြို့ လသာလမ်း အမှတ် (၁၆၆) မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနတို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်