၂၀၂၀ပြည့်နှစ် နှစ်သစ်အခါသမယ၌ နေပြည်တော်အတွင်းရှိ ဘုရားစေတီပုထိုးများနှင့် အထင်ကရနေရာများတွင် ဘုရားဖူး၊ အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိ

နေပြည်တော် ၁  ဇန်နဝါရီ

 

ယနေ့ကျရောက်သည့် ၂၀၂၀ ပြည့်နှစ် နှစ်သစ်အခါသမယတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများနှင့် အပန်းဖြေလည်ပတ်စရာ အထင်ကရနေရာများတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူများအပြင် မိသားစုလိုက်သော်လည်းကောင်း၊ သူငယ်ချင်း အပေါင်းအသင်းများဖြင့်သော်လည်းကောင်း အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

 

နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်၊ သတ္တသတ္တာဟ မဟာဗောဓိစေတီတော် နှင့် သံဝေဇနိယလေးဌာန၊ သကျရံသီရပ်တော်မူ ရုပ်ရှင်တော်မြတ်ကြီး၊ ဓာတုစယ ဓာတ်ပေါင်းစုစေတီတော်၊ ထာဝရငြိမ်းချမ်းရေးစေတီတော်၊ ရန်အောင်မြင်စေတီတော်၊ ဖောင်တော်ချက်မဘုရားနှင့် အခြားဘုရား၊ စေတီ၊ ပုထိုးများတွင် ဆွမ်း၊ ပန်း၊ ရေချမ်း နှင့် သစ်သီးဆွမ်းများ ကပ်လှူပူဇော်ခြင်းနှင့် တရားဘာဝနာပွားများအားထုတ် ကုသိုလ်ယူကြသူများဖြင့် စည်ကားလျက်ရှိသည်။

 

ဥပ္ပါတသန္တိစေတီတော်သို့ လာရောက်ဖူးမြော်သူ မအိအိမိုး က ဒီနေ့က အစိုးရ ရုံး ပိတ်ရက်လည်းဖြစ်တဲ့အတွက် နေပြည်တော်တစ်ခွင်လုံး လည်ပတ်မှာပါ။ အခုကတော့ ဘုရားကို အရင်ဆုံးလာရောက်ဖူးမြော်ခြင်း ဖြစ်ပါတယ်။ ဒါပြီးရင်တော့ ဆာဖာရီဥယျာဉ်နဲ့ တိုင်းရင်းသားကျေးရွာတွေကို လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ ပိတ်ရက်မှာ မိသားစုနဲ့အတူ လည်ပတ်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ နှစ်သစ်မှာ အားလုံးကျန်းမာချမ်းသာစေဖို့ ဆုတောင်းပေးပါတယ်ဟု ပြောသည်။

 

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သူငယ်ချင်းများအား ဘုရားဖူးလိုက်ပို့သူ ဦးအေးထွန်း က ကျွန်တော်ကတော့ နေပြည်တော်မှာ တာဝန်ထမ်းဆောင်ရင်း သူငယ်ချင်းတွေကို ဘုရားဖူးလိုက်ပို့တာပါ။ ဒီနေ့က နှစ်သစ်ဖြစ်တဲ့အတွက် တစ်နှစ်လုံးကုသိုလ် ကောင်းမှုတွေနဲ့ လျှောက်လှမ်းနိုင်ဖို့ မျှော်လင့်ပြီး လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ နှစ်သစ်မှာ အေးချမ်းတဲ့နိုင်ငံတော်ကြီး ဖြစ်ပြီးဘေးအန္တရာယ် တွေကင်းရှင်းပါစေ လို့ ဆုတောင်းပေးပါတယ်ဟု ပြောသည်။

 

ထို့ပြင် တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ တိုင်းရင်းသားကျေးရွာ၊ ရေပူစမ်းနှင့် ရေပန်းဥယျာဉ်တို့တွင်လည်း နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ မိသားစု၊ သူငယ်ချင်း မိတ်ဆွေများဖြင့် ရှားပါးတိရစ္ဆာန်များ ကြည့်ရှုလေ့လာခြင်း၊ အဖွဲ့လိုက်ဂိမ်းကစားကြခြင်း၊ တိုင်းရင်းသားများ၏ ရိုးရာအသုံးအဆောင်များ၊ အဝတ်အစားများဝတ်ဆင်၍ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

 

အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)မှ တာဝန်ခံဖြစ်သူ ဒေါ်ခင်နန်းစိုး က ဒီနေ့ လာရောက်လည်ပတ်တဲ့သူတွေအတွက် ဥယျာဉ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားရိုးရာအိမ်တွေကို ဝင်ရောက်လေ့လာခွင့်ပေးတယ်။ ပြီးရင် ရိုးရာအဝတ်အစားတွေ ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်လို့ရအောင်လည်း စီစဉ်ထားပါတယ်။ နောက်ပြီး တိုင်းရင်းသားတွေရဲ့ ရိုးရာအသုံးအဆောင်တွေကိုလည်း ကြည့်ရှုလေ့လာလို့ရမှာဖြစ်ပါတယ်ဟု ပြောသည်။

 

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်) သို့တောင်ငူမြို့မှ လာရောက်လည်ပတ်သူ ဒေါ်ပုချို ကလည်း အခုလို ပိတ်ရက်မှာ မိသားစုနဲ့ လျှောက်လည်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ နေပြည်တော်မှာ ဘုရားတွေလည်းဖူးပြီး အထင်ကရနေရာတွေကို လည်ပတ်ဖို့ စီစဉ်ထားပါတယ်။၂၀၂၀ ပြည့်နှစ် နှစ်သစ်မှာ အားလုံးသာယာ အေးချမ်းကြပါစေလို့ ဆုတောင်းပေးပါတယ်ဟု ပြောသည်။

 

ထို့အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ Capital Hyper Market, Junction Center, Ocean Supermarket စသည့် ဈေးဝယ်စင်တာများတွင်လည်း အဖွဲ့လိုက် ပျော်ရွှင်စွာဈေးဝယ်ထွက်၍ ရုပ်ရှင်ကြည့်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

 

သတင်း - အောင်ရဲသွင်

ဓာတ်ပုံ - ကျော်ဇင်ထိုက်၊ စိုးဝင်းထွန်း