၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာနှင့် ထိုင်း ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် လျှောက်ထား

၂၄ မေ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် ထိုင်းဘောလုံးအဖွဲ့ချုပ်တို့ ပူးတွဲလက်ခံကျင်းပရန် ကြိုးပမ်းမည်ဖြစ်ပြီး ဖီဖာထံ တင်ပြလျှောက်ထားခဲ့သည်။

 ၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် နိုင်ငံငါးခုက လျှောက်ထားပြီး တောင်အမေရိကမှ ဘရာဇီးနိုင်ငံ၊ ပီရူးနိုင်ငံ၊ အရှေ့တောင်အာရှမှ အင်ဒိုနီးရှားတို့က တစ်နိုင်ငံတည်းကျင်းပမည်ဖြစ်ကာ ပူးတွဲအိမ်ရှင်အဖြစ် အရှေ့တောင်အာရှမှ မြန်မာနှင့် ထိုင်း၊ အာရှမှ ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ဘာရိန်းနိုင်ငံတို့က လျှောက်ထားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ပထမဆုံးအကြိမ် ကြိုးပမ်းခြင်းဖြစ်ပြီး တစ်နိုင်ငံတည်းကျင်းပရန် မလွယ်ကူသောကြောင့် ထိုင်းနိုင်ငံနှင့်ပေါင်းကာ လက်ခံကျင်းပခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ မြန်မာအသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသည့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများအနက် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တစ်ကြိမ်သာ ယှဉ်ပြိုင်ဖူးပြီး ယင်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာအသင်းသည် ၂၀၁၄ ခုနှစ်က ကျင်းပသည့် အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သောကြောင့် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်ပြီး ရလဒ်မကောင်းသော်လည်း ကမ္ဘာ့နိုင်ငံများကို မြန်မာအသင်းအကြောင်းကို တစ်ကျော့ပြန် သိရှိစေခဲ့သည့် ပြိုင်ပွဲလည်းဖြစ်ခဲ့သည်။

မြန်မာ ယူ-၂၀ အသင်းသည် ယင်းပြိုင်ပွဲတွင် အမေရိကန်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ယူကရိန်း အသင်းကို ခြောက်ဂိုး-ဂိုးမရှိ၊ နယူးဇီလန်အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ အသင်းရခဲ့သည့် နှစ်ဂိုးကို ရန်နိုင်ဦးနှင့် အောင်သူတို့က သွင်းယူခဲ့ပြီး အမေရိကန်နှင့် ကစားသည့် အုပ်စုအဖွင့်ပွဲတွင် သွင်းယူခဲ့သည့် ရန်နိုင်ဦး၏ဂိုးမှာ ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံးဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ပူးတွဲအိမ်ရှင်ကြိုးပမ်းမှုအပါအဝင် ၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လျှောက်ထားသည့်နိုင်ငံများကို ဖီဖာနှင့် အာရှဘောလုံးအဖွဲ့ချုပ် ဝက်ဘ်ဆိုက်တို့တွင် ဖော်ပြခဲ့ပြီး အဆင့်ဆင့် ရွေးချယ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ဘောလုံးကွင်းများ၊ လေ့ကျင့်ရေးကွင်းများအား အဆင့်မြင့်တင်ရမည်ဖြစ်ပြီး ကမ္ဘာ့အဆင့်ပြိုင်ပွဲ ကျင်းပနိုင်သည်အထိ ပြုပြင်ရဖွယ်ရှိနေသည်။လက်ရှိတွင် မြန်မာနိုင်ငံ၌ ပရိသတ် ၃၀ဝဝဝ ဝန်းကျင်ဆံ့ နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်းများအဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၊ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၊ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်းနှင့် ဇေယျာသိရီကွင်းတို့ ရှိသော်လည်း ကမ္ဘာ့အဆင့်ပြိုင်ပွဲ ကျင်းပနိုင်သည့် အနေအထားမရှိဘဲ ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အရှေ့တောင်အာရှ နိုင်ငံများအနက် မလေးရှားတစ်သင်းသာ အိမ်ရှင်အဖြစ် ၁၉၉၇ ခုနှစ်က လက်ခံကျင်းပဖူးကြောင်း သိရသည်။ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာကျော် ဘောလုံးသမားများ၏ ပေါ်ထွက်ရာ ပြိုင်ပွဲတစ်ခုဖြစ်ပြီး မက်ဆီ၊ အဂူရို၊ ပေါ့ဘာ စသည့်ကစားသမားများ ပါဝင်ကစားခဲ့သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်