၂၀၂၂-၂၀၂၃ ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်) ကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကျောက်တော် ဇွန် ၁

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့နယ် စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်) ကျောင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စိုက်ပျိုးရေးသိပ္ပံ စာကြည့်တိုက်ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် လယ်ယာစိုက်ပျိုးရေး ကဏ္ဍသည် များစွာအရေးပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးသိပ္ပံ တက်ရောက်နေကြသည့် ကျောင်းသား/သူများ အနေဖြင့် စိုက်ပျိုးရေးပညာရပ်များကို ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ မိမိတို့ တက်မြောက်လာသည့် ပညာရပ်များကို လယ်ယာ စိုက်ပျိုးရေးကဏ္ဍများတွင် အကျိုးရှိစွာ ပြန်လည်အသုံးချကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာ ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စိုက်ပျိုးရေးသိပ္ပံ ကျောင်း(၁၅) ကျောင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)တွင် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား/သူ စုစုပေါင်း ၃၇၈ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်းနှင့် စိုက်ပျိုးရေးပညာရှင် များဖြစ်အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေး သိပ္ပံဌာနခွဲမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

သတင်းစဉ်