၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကျင်းပ

နေပြည်တော် ဧပြီ ၇

နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ် ဘောလုံးအသင်းများမှ နိုင်ငံ့လက်ရွေးစင် ဘော လုံးအား ကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်၊ ကျန်းမာကြံ့ခိုင်၍ စည်းလုံးညီညွှတ်ကာ ဗလ ၅ တန် ဖွံ့ဖြိုးသည့် ကျောင်းသားရပ်ဝန်းဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ကျင်းပလျက်ရှိသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို  ယနေ့ နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ မန္တလေး၊ လားရှိုးနှင့် တောင်ကြီးတို့မှ ကွန်ပျူတာ တက္ကသိုလ်(အထက်မြန်မာပြည်) အသင်း ၁(ခ) နှင့် ပြည်နည်းပညာတက္ကသိုလ်၊ မှော်ဘီနှင့် တောင်ငူတို့မှ နည်းပညာတက္ကသိုလ် (အောက်မြန်မာပြည်) အသင်း၄(က) တို့ယှဉ်ပြိုင် ကစားကြသည်။ 

အဆိုပါပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

တတိယနေရာလုပွဲတွင် အသင်းများသည် အားကစားစိတ်ဓာတ်အပြည့်ဖြင့် မဆုတ်မနစ် ယှဉ်ပြိုင်ကစားကြပြီး ပွဲကစားချိန် ၁ မိနစ် နှင့် ၁၀ မိနစ်တို့တွင် ကွန်ပျူတာတက္ကသိုလ် (အထက် မြန်မာပြည်) အသင်းက ဦးဆောင်ဂိုး နှစ်ဂိုး ရရှိပြီး ပထမပွဲချိန်အတွင်း နည်းပညာတက္ကသိုလ် (အောက်မြန်မာပြည်) အသင်းက ချေပဂိုး နှစ်ဂိုး ပြန်လည်သွင်းယူသည်။

ဒုတိယပိုင်းတွင် နည်းပညာတက္ကသိုလ် (အောက်မြန်မာပြည်) အသင်းကမိနစ် ၅၀ နှင့် ၅၇ မိနစ်တို့တွင် နှစ်ဂိုး ထပ်မံသွင်းယူပြီး ၄ ဂိုး - ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲအပြီးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ကျောင်းသားအားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်