၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သား သမီး  ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂၃

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သည့် အလုပ်သမား ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီး  ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်‌ ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည် ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရန် ဦးတည်ကြိုးပမ်းလျက်ရှိ ပါကြောင်း၊ ပညာရေးသည် နိုင်ငံ၏အဓိကကျသော အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် မျိုးဆက်သစ်များ အဆက်ဆက် တိုးတက်လာစေရန်အတွက် အသိပညာ၊ အတတ်ပညာရှင်များ စဉ်ဆက်မပြတ်မွေးထုတ်၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီး (၁၈)ဦး အောင်မြင်ခဲ့ပြီး လေးဘာသာ ဂုဏ်ထူးရရှိသူ (၁)ဦး၊ သုံးဘာသာ ဂုဏ်ထူးရရှိသူ (၃)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရရှိသူ (၃)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၁၁)ဦးတို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း နှင့် အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် လေးဘာသာ ဂုဏ်ထူးရရှိသူ (၁)ဦး၊ သုံးဘာသာ ဂုဏ်ထူးရရှိသူ (၃) ဦး၊ တစ်ဘာသာ ဂုဏ်ထူးရရှိသူ(၃)ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပြီး အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက မိမိတို့ဌာနအလိုက် ရိုးရိုးအောင်မြင်သူ (၁၁)ဦး တို့ကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)