၂၀၂၂ အာရှ ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကစားသမားနှစ်ဦး ကွာတားဖိုင်နယ်တက်ရောက်

ရန်ကုန် မတ် ၁၈

 

၂၀၂၂ အာရှဘိလိယက် ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ပွဲစဉ်များကို မတ် ၁၇ ရက်က ကာတာနိုင်ငံ၌ ကျင်းပရာ မြန်မာဘိလိယက်ကစားသမားနှစ်ဦး ကွာတားဖိုင်နယ် တက်ရောက်သွားသည်။

 

မြန်မာဘိလိယက် ကစားသမားများဖြစ်သည့် ပေါက်စနှင့် မင်းစည်သူထွန်းသည် အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စုဒုတိယရရှိကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ မင်းစည်သူထွန်းသည် အုပ်စု(ခ)တွင် ပါဝင်ပြီး ထာဝပ် (ထိုင်း) ကို လေးပွဲပြတ်၊ ဟန်ဂျင်ဟွမ် (တောင်ကိုရီးယား) ကို လေးပွဲပြတ်တို့ဖြင့် အနိုင်ရကာ ဆစ်ဝါလာ (အိန္ဒိယ) ကို ၄-၃ ပွဲဖြင့် အရေးနိမ့်ခဲ့သဖြင့် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် အုပ်စုဒုတိယ ရရှိသည်။ ပေါက်စ မှာမူ အုပ်စု (ဂ) တွင် ပါဝင်ခဲ့ပြီး မိုဟာမက်သာဟ (သီရိလင်္ကာ) ကို လေးပွဲပြတ်၊ ဟွမ်ချုဟို (တောင်ကိုရီးယား) ကို လေးပွဲပြတ်၊ ဒါမာနီ (အိန္ဒိယ) ကို လေးပွဲတစ်ပွဲတို့ဖြင့် အနိုင်ရပြီး ပရာပွတ် (ထိုင်း) ကို ၄-၃ ပွဲဖြင့် အရေးနိမ့်သဖြင့် အုပ်စုဒုတိယနေရာသာရခဲ့ခြင်းဖြစ်သည်။

 

ယင်းပြိုင်ပွဲကို အုပ်စုသုံးခုခွဲ၍ ကျင်းပခဲ့ပြီး အုပ်စုသုံးခုမှ ပထမနေရာရရှိသည့် သုံးဦးအနက် အကောင်းဆုံးနှစ်ဦးမှာ ဆီမီးဖိုင်နယ်အဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ကျန်တစ်ဦးနှင့် ဒုတိယနေရာရ သုံးဦးမှာ ကွာတားဖိုင်နယ် အဆင့်မှ စတင်ကစားရမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲမှုအရ ကွာတားဖိုင်နယ်တွင် မြန်မာကစားသမား နှစ်ဦးဖြစ်သည့် ပေါက်စနှင့် မင်းစည်သူထွန်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး မတ် ၁၈ ရက်တွင် ကစားရမည်ဖြစ်သည်။ ယင်းပွဲမှ အနိုင်ရသူမှာ အိန္ဒိယနာမည်ကြီး ဘိလိယက်ကစားသမား အက်ဗာနီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

သတင်း-ကိုညီလေး

ဓာတ်ပုံ-Asian Confederation of Billiard Sports