၂၀၂၂ အာရှဖလားပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကစားသမား ၂၃ ဦး ရွေးချယ်မည်

ဇန်နဝါရီ   ၈

၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အပြီးသတ်ကစားသမား ၂၃ ဦးရွေးချယ်မည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အာရှဖလား နောက်ဆုံးအဆင့်အတွက် နိုဝင်ဘာဒုတိယပတ်တွင် စတင်လေ့ကျင့်ခဲ့ပြီး ဒီဇင်ဘာလတွင် ကစားသမားများ အတိုးအလျှော့ပြုလုပ်ခဲ့ပြီး လက်ရှိတွင် ၂၇ ဦးဖြင့် လေ့ကျင့်နေခြင်းဖြစ်သည်။ ယင်းပဏာမကစားသမားများတွင် တိုက်စစ်မှူး ဝင်းသိဂီထွန်းမှာ အိန္ဒိယကလပ် ဂိုကူလမ်အသင်းတွင် သွားရောက်ကစားနေသဖြင့် ၂၆ ဦးဖြင့်သာ လေ့ကျင့်နေခြင်းဖြစ်ပြီး ၎င်းမှာ အိန္ဒိယနိုင်ငံသို့ ရောက်ရှိမှသာ အသင်းနှင့်ပူးပေါင်းမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာအမျိုးသမီးအသင်းအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာရာတွင် ကစားသမား ၂၂ ဦးသာ ခေါ်ဆောင်သွားရမည်ဖြစ်ပြီး ကစားသမားလေးဦးသာ လျှော့ချရမည်ဖြစ်သည်။ မြန်မာ အမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများ ကစားရန် ကြိုးပမ်းခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် သွားရောက်နိုင်ခြင်းမရှိဘဲ လေ့ကျင့်မှုပြုလုပ်ပြီး ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အောက်တိုဘာလလယ်က ယှဉ်ပြိုင်ကစားသည့် အာရှဖလားခြေစစ်ပွဲမတိုင်မီကလည်း နိုင်ငံတကာ ခြေစမ်းပွဲများ ကစားရခြင်းမရှိဘဲ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ခြေစစ်ပွဲတွင် ယူအေအီး၊ လက်ဘနွန်နှင့် ဂူအမ်အသင်းတို့ကို ကျော်ဖြတ်ကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲနောက်ဆုံးအဆင့်ကို ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(ဂ)တွင် လက်ရှိချန်ပီယံဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့နှင့် အုပ်စုကျပ်အတွင်း ကျရောက်နေသည်။ မြန်မာအမျိုးသမီးအသင်းသည် အာရှဖလားပြိုင်ပွဲယှဉ်ပြိုင်ရန် ဇန်နဝါရီ တတိယပတ်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်

ဓာတ်ပုံ-MFF