၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

နေပြည်တော်   အောက်တိုဘာ   ၅

 

၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်  ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေး ခန်းမ၌ကျင်းပသည်။ 

 

ရှေးဦးစွာ နေပြည်တော် အမှတ်(၂၂) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမများက “မြတ်ဆရာ” သီချင်းဖြင့် ဖျော်ဖြေကြသည်။

 

သဝဏ်လွှာဖတ်ကြား

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အခမ်း အနားသို့ပေးပို့သည့်   သဝဏ်လွှာကိုဖတ်ကြားသည်။

 

ယင်းနောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်း သဝဏ်လွှာကို မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင်အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင်က ဖတ်ကြားသည်။

 

ဆက်လက်၍  ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန်ဆရာများ ၏  လုပ်ငန်းဆောင်ရွက်ချက်များအကျဉ်းချုပ်ကို ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့် က ရှင်းလင်းတင်ပြသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ညွန့်ဖေ က ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများအား  ဂုဏ်ပြုဆုချီးမြှင့်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ထူးချွန်ဆုရရှိသည့် ဆရာကြီး ဆရာမကြီးများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဆင့်မြင့် ပညာအဆင့် ဆရာဆရာမများ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း ဆုချီးမြှင့်သည်။

 

ယင်းနောက်   နေပြည်တော်  အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ ဆရာမ ကျောင်းသားကျောင်းသူများက  “ပန်းပျိုးသူ” သီချင်း ဖြင့် တေးသရုပ်ဖော်တင်ဆက်ကြသည်။

 

ထို့နောက်  ပညာရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်နှင့်ဦးစီးဌာနအသီးသီးရှိ ညွှန်ကြားရေး မှူးချုပ်များက  ၂၀၂၂ ခုနှစ်   ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ် တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် အထက် အရာထမ်းများအဆင့် ဆောင်းပါးပြိုင်ပွဲ၊  အခြေခံ ပညာအထက်တန်းဆင့်သင် ဆရာ ဆရာမများအဆင့် ဆောင်းပါးပြိုင်ပွဲ၊  အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့်သင်    ဆရာ  ဆရာမများအဆင့် ဆောင်းပါးပြိုင်ပွဲ၊  တက္ကသိုလ်/  ဒီဂရီကောလိပ်/ကောလိပ်/သိပ္ပံအဆင့် စာစီစာကုံးပြိုင်ပွဲ၊   အခြေခံ ပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အခြေခံ ပညာ  အလယ်တန်းအဆင့်  စာစီစာကုံးပြိုင်ပွဲ၊  တက္ကသိုလ်/ ဒီဂရီကောလိပ်/  ကောလိပ် / သိပ္ပံအဆင့် ကဗျာပြိုင်ပွဲ၊   အခြေခံပညာအထက်တန်းအဆင့် ကဗျာပြိုင်ပွဲနှင့်  အခြေခံပညာအလယ်တန်းအဆင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ဆရာ ဆရာမ ကျောင်းသား ကျောင်းသူများကို  ဆုချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာသူများက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့   အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုကြကြောင်း  သိရသည်။

သတင်းစဉ်