၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်များ ဖြန့်ဝေနေမှု ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်

ဟိုပုံး မေ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးနိုင်ရန် ပျိုးပင်များ ဖြန့်ဝေခြင်းကို မေ ၁၇ ရက် နံနက်ပိုင်းက ဟိုပုံးမြို့၊ မြို့နယ်သစ်တောဦးစီးဌာနရုံး၌ ပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပျိုးပင်များ ဖြန့်ဝေခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်သစ်တောဦးစီးအရာရှိ ဦးနိုင်လွင်က သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက သစ်ပင်စိုက်ပျိုးခြင်း အတွေ့အကြုံများကို ပြောကြားသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်သစ်တော ဦးစီးအရာရှိတို့က ပျိုးပင်များကို ပေးအပ်ရာ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ ဒုတိယဗိုလ်မှူးကြီးညွန့်သွင်၊ ကျေးလက်လမ်းဦးစီးဌာနမှ ဦးဆန်းဝင်းကို၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းလဲ့ဇာဝင်း၊ နေမင်းရောင် ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျာ ဦးအောင်မြတ်မိုးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတို့က လက်ခံရယူကြသည်။ ယင်းနောက် မြို့နယ်သစ်တော ဦးစီးအရာရှိက သစ်ပင်ရေရှည်ရှင်သန်နိုင်ရေး လက်တွေ့သရုပ်ပြခဲ့သည်။

၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးနိုင်ရန် ထောပတ်၊ ပင်စိမ်း၊ ပိန္နဲ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ရေသင်းဝင်၊ အာဖရိက ကျူးလစ်၊ မဟော်ဂနီ၊ ဝါး စသည့် ပျိုးပင် ၁၃ မျိုးကို ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ ပျိုးပင် ၅၀၀၀၊ တပ်ရင်း တပ်ဖွဲ့များသို့ ပျိုးပင် ၄၀၀၀၊ လမ်းဦးစီးဌာနသို့ ပျိုးပင် ၄၀၀၊ ကျေးလက်လမ်း ဦးစီးဌာနသို့ ပျိုးပင် ၆၀၀၊ နေမင်းရောင်ကုမ္ပဏီသို့ ပျိုးပင် ၃၀၀၊ မဲနယ်တောင်ဒေသ စိမ်းလမ်း စိုပြည်ရေးအတွက် ပျိုးပင် ၄၀၀ နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ ပျိုးပင် ၃၀၀ စုစုပေါင်း ပျိုးပင် ၁၁၀၀၀ ကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထက်ထက်(ဟိုပုံး)