၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက်အမျိုးသား  ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၀

 

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူး ပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးရွေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှအုပ်ချုပ်သူ၊ နည်းပြများ၊ အားကစား သမားများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည်။

 

 

ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ့ဘောလုံးအားကစားအဆင့်အတန်းကို တိုးတက်မြင့်မား လာစေရေးနှင့် သွေးသစ်လူငယ်ဘောလုံးသမားများ စဉ်ဆက်မပြတ်ပေါ် ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဘောလုံးအားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ် မှုရှိပြီး ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားလာစေရန်  ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပေးရ ခြင်းဖြစ်ပါကြောင်း။

 

မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် အရှေ့တောင်အာရှနှင့် အာရှ ဒေသနယ်ပယ်တွင် အောင်မြင်စွာရပ်တည်နိုင်ရေးသည်  ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ် သကဲ့သို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ရန်မှန်းချက်တစ်ရပ်အဖြစ်လည်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာဘောလုံးအသင်း အောင်မြင်မှုရရှိနိုင်ရန် မြန်မာ့ လက်ရွေးစင်လူငယ်များကို ကျောထောက် နောက်ခံအဖြစ် အင်အားအများဆုံးဖြည့်တင်းပေးနိုင်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး လူငယ်ဘော လုံးပြိုင်ပွဲများကို မိမိတို့ဌာနအနေဖြင့် စဉ်ဆက်မပြတ် ကျင်းပပေးနေခြင်းဖြစ်ကြောင်း။

 

နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ဘောလုံးအားကစား ပြန်လည် အောင်မြင်မှုရရှိရန် အရေးကြီးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အောင်နိုင်ရေးစီမံချက်ရေးဆွဲကာ အလေးအနက်ထားဆောင်ရွက်လျက်ရှိကြောင်း။

 

နိုင်ငံတော်မှ အားကစားကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အားကစားသမားများ အနေဖြင့်လည်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံဂုဏ်သိဏ္ခာကျစေမည့် ပြုမူဆောင်ရွက်မှုမျိုး မပြုလုပ်မိစေရန် အထူးမှာလိုပါကြောင်း။

 

ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်အဝနှင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန်၊ ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းရှင်းပြီး သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်က အားထားရမည့် ဘောလုံးအားကစား သမားကောင်းများ ပေါ်ထွက်လာအောင် ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းမှာကြားကာ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး အသက် ၁၉ အောက် အမျိုးသား ဘောလုံးပြိုင် ပွဲကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာဓိဌာန် (၄) ချက်ကို ရွတ်ဆိုကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပွဲစဉ်အဖြစ် နေပြည်တော် အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ယှဉ် ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

 

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသားဘော လုံးပြိုင်ပွဲ ကို ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၃ ရက်အထိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၊ လေ့ကျင့်ရေးကွင်း အမှတ် ၁ နှင့် ကွင်းအမှတ် ၃ တို့၌ ပြိုင်ပွဲဝင်အသင်း (၁၄) သင်းမှ  အားကစားသမား စုစုပေါင်း (၃၂၅) ဦးတို့က ယှဉ်ပြိုင်ကစားကြမည်ဖြစ်သဖြင့် ဘောလုံးအား ကစားနည်းကို စိတ်ပါဝင်စားသူ မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင် ကြောင်းသိရသည်။ 

(သတင်းစဉ်)