၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ  အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၃၁
    
၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်(၃၁)၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
    
ဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ်တွင် ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲများအဖြစ် ဘော်လီဘော (အမျိုးသား/ အမျိုးသမီး)၊ ပိုက်ကျော်ခြင်း(အမျိုးသား)၊ ဘောလုံး(အမျိုးသား)၊ ဖူဆယ် (အမျိုးသား)နှင့် ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ(၅)ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ် ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရန်အတွက် ပြိုင်ပွဲပြက္ခဒိန်အား ဝန်ကြီးဌာနများသို့ ကြိုတင်ဖြန့်ဝေ ပေးထားပြီးဖြစ်ကြောင်း၊ စက်တင်ဘာလတွင် ကျင်းပမည့် အလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲကို (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ထည့်သွင်း ကျင်းပသွားမည်ဖြစ်ပြီး "နိုင်ငံတော် ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲများကိုလည်း ဒီဇင်ဘာ ၁၅ ရက်အပြီး ထပ်မံကျင်းပပေးသွားမည်ဖြစ်သည့်အတွက် ဝန်ကြီးဌာနများအနေဖြင့် ယခင်နှစ်များထက် ပိုမိုပါဝင် ယှဉ်ပြိုင်သွားကြစေလိုကြောင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၆)နှစ်အောက်၊ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက်၊ အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းပြိုင်ပွဲ များမှတဆင့် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲများတွင် ဝန်ကြီးဌာနကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် အားကစားသမားများအားရွေးချယ်၍ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ် ထားပြီး ဝင်ရောက်ကစားနိုင်ကြောင်း၊ ဝန်ကြီးဌာနများ အနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်း/ စည်းကမ်းများအတိုင်း ဝင်ရောက်ယှဉ်ပြိုင် ကြစေလိုကြောင်း၊ အသင်းလိုက်ပြိုင်ပွဲများတွင် ဆုကြေး ငွေများအဖြစ် ပထမဆု (၂၀)သိန်း ၊ ဒုတိယဆု (၁၅)သိန်း၊ တတိယဆု (၁၀)သိန်း နှင့် စတုတ္ထဆု (၅)သိန်း ချီးမြှင့်သွားမည်ဖြစ်ပြီး၊ ဆုဆွဲပြားနှင့် ဆုဖလားများလည်း ချီးမြှင့်သွားမည်ဖြစ်၍ ဝန်ကြီးဌာန များအနေဖြင့် ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြစေလို ကြောင်း ပြောကြားသည်။
    
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အစည်းအဝေးတက်ရောက်လာကြသည့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ် များ နှင့် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက်  ဆွေးနွေးတင်ပြ ခဲ့ကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)