၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

နေပြည်‌တော် ဩဂုတ် ၁၆

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် (၃၃)နှစ်က ဆင်ဖြူတော်(အထီး)ကလေး (၁)စီးအား ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။

 

အဆိုပါ ဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်နှင့် ကိုက်ညီသော ဆင်ဖြူတော်ကလေး ဖြစ်သည်။ 

 

အထက်ပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၂၅ ရက်သားတွင် အရပ်အမြင့် ၂ ပေ ၆ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၂ လက်မခွဲ၊ ကိုယ်အလေးချိန် ၂၀၀ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

 

သတင်းစဉ်