၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဋ္ဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

နေပြည်တော် ဧပြီ ၂၂ 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးကို၂၀၂၂ခုနှစ်ဇူလိုင်၂၃ ရက်နံနက် မင်္ဂလာ အချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ပေ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။

ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမည်တော်မှာ “ရနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော် လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံး ပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင် ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင် ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်သည်။

အထက်ပါ ဆင်ဖြူတော်လေး “ရနန္ဒက” မှာ ယခုအသက် ၉ လသား အရွယ်တွင် အရပ် အမြင့် ၃ ပေ ၅ လက်မ၊ ကိုယ်လုံးလုံးပတ် ၆ ပေ ၁ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၄၉၀ ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ  ကျန်းမာပျော်ရွှင်လျက်ရှိ ကြောင်းနှင့် ဆင်ဖြူတော်လေး “ရနန္ဒက”မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်