၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်း အုပ်စု (စ) ၌ အာရှထိပ်သီး ဂျပန်နှင့် ကျရောက်

ရန်ကုန် ၁၇ ဇူလိုင်

 


၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ယနေ့ညနေပိုင်းက မလေးရှားနိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းသည် အုပ်စု (စ) ၌ နာမည်ကြီးဂျပန်နှင့် ကျရောက်ခဲ့သည်။

 

ဒုတိယအဆင့်ခြေစစ်ပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာမှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ ကျင်းပမည်ဖြစ်ပြီး ငါးသင်း၊ ရှစ်အုပ်စုခွဲကာ ကျင်းပမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် တရုတ်၊ ဆီးရီးယား၊ ဖိလစ်ပိုင်၊ မော်လ်ဒိုက်၊ ဂူအမ်၊ အုပ်စု(ခ)တွင်  သြစတြေးလျ၊ ဂျော်ဒန်၊ တရုတ် (တိုင်ပေ)၊ ကူဝိတ်၊ နီပေါ၊ အုပ်စု(ဂ)တွင် အီရန်၊ အီရတ်၊ ဘာရိန်း၊ ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ အုပ်စု (ဃ) တွင် ဆော်ဒီအာရေဗျ၊ ဥဇဘက်ကစ္စတန်၊  ပါလက်စတိုင်း၊ ယီမင်၊ စင်ကာပူ၊ အုပ်စု(င)တွင် ကာတာ၊ အိုမန်၊ အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု(စ)တွင်  ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊  မြန်မာ၊ မွန်ဂိုလီးယားအုပ်စု(ဆ)တွင် ယူအေအီး၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အုပ်စု(ဇ)တွင်  တောင်ကိုရီးယား၊ လက်ဘနွန်၊ မြောက်ကိုရီးယား၊ တာ့ခ်မင်နစ္စတန်နှင့်  သီရိလင်္ကာအသင်းတို့ ပါဝင်နေသည်။ 

 

ဒုတိယအဆင့်ခြေစစ်ပွဲ ကျင်းပသည့်ပုံစံအရ အုပ်စုထိပ်ဆုံးရှစ်သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယနေရာရလေးသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ကာ ၂၀၂၃ အာရှဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။ ကျန် ဒုတိယနေရာရလေးသင်း၊ အုပ်စုတတိယနေရာရ ရှစ်သင်းနှင့် အကောင်းဆုံး စတုတ္ထ နေရာရလေးသင်း စုစုပေါင်း ၁၆ သင်းမှာ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ကျန်စတုတ္ထနေရာရ လေးသင်းနှင့် အုပ်စုအောက်ဆုံးရှစ်သင်းမှာ တတိယအဆင့်ခြေစစ်ပွဲအတွက် Play-off ထပ်မံကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် ၂၀၁၉ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် တွေ့ဆုံခဲ့သည့် ကာဂျစ္စတန်နှင့် ထပ်မံတွေ့ဆုံနေပြီး အာရှထိပ်သီး ဂျပန်နှင့်လည်း တစ်အုပ်စုတည်း ကျရောက်နေသည်။

 

ခြေစစ်ပွဲများကို အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် စက်တင်ဘာ ၅ ရက်တွင် မွန်ဂိုလီးယားနှင့် အဝေးကွင်း၊ စက်တင်ဘာ ၁၀ ရက်တွင် ဂျပန်နှင့် အိမ်ကွင်း၊ အောက်တိုဘာ ၁၀ ရက်တွင် ကာဂျစ္စတန်နှင့် အဝေးကွင်း၊ အောက်တိုဘာ ၁၄ ရက်တွင် တာဂျစ်ကစ္စတန်နှင့် အိမ်ကွင်း နိုဝင်ဘာ ၁၉ ရက်တွင် မွန်ဂိုလီးယားနှင့် အိမ်ကွင်း၊ ၂၀၂၀ ပြည့်နှစ် မတ် ၂၆ ရက်တွင် ဂျပန်နှင့် အဝေးကွင်း၊ မတ် ၃၁ ရက်တွင် ကာဂျစ္စတန်နှင့် အိမ်ကွင်း၊ ဇွန် ၉ ရက်တွင် တာဂျစ်ကစ္စတန်နှင့် အဝေးကွင်း ယှဉ်ပြိုင်ကစား၇မည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုအနေအထားအရ ကမ္ဘာ့ဖလား တတိယအဆင့်ခြေစစ်ပွဲ တက်ရောက်နိုင်ရန် မလွယ်ကူဘဲ အာရှဖလားပြိုင်ပွဲတွင် တတိယအဆင့် ခြေစစ်ပွဲတက်ရောက်ပြီး ခြေစစ်ပွဲအောင်မြင်ရန် အဓိကကြိုးပမ်းရမည်ဖြစ်သည်။ မြန်မာအသင်းသည် ၂၀၁၉ အာရှဖလားပြိုင်ပွဲတွင် တတိယအဆင့်ခြေစစ်ပွဲမှ ထွက်ခဲ့ရသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်