၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁၅

 

အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်းပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများနှင့် ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

 

ယနေ့တွင် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၃)ယောက်တွဲအဖွဲ့လိုက်  ပြိုင်ပွဲတွင် စစ်ကိုင်း တိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို  လည်းကောင်း၊ အမျိုးသမီး (၃)ယောက် တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင်  ဧရာဝတီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်း ကိုလည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့ ကြသည်။

 

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ အမျိုးသား(၂) ယောက်တွဲအဖွဲ့ လိုက်  ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိခဲ့သည့် ရန်ကုန် တိုင်းဒေသကြီးအသင်းတို့အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးစောထွန်းအောင်မြင့် ကလည်း ကောင်း၊ ပထမဆုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး အသင်း အား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ကလည်းကောင်း။

 

အမျိုးသမီး(၂)ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည့် မွန်ပြည် နယ်အသင်းနှင့် တတိယ ဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က လည်းကောင်း၊ ပထမဆုရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမင်းသိန်းဇံ ကလည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ကြသည်။

 

ထို့နောက် အမျိုးသား(၃)ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နေပြည်တော် ကောင်စီနယ်မြေအသင်း၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့် တတိယဆု ရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဉီးချစ်နိုင် က လည်းကောင်း၊ အမျိုးသား(၂) ယောက်တွဲအသင်းလိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင် ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းနှင့် တတိယဆုရရှိသည့် နေပြည်တော်ကောင်စီ နယ်မြေအသင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဉီးရွှေကြိမ်းကလည်းကောင်း ဆုတံဆိပ် နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။

 

ယင်းနောက် အမျိုးသား(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် နေပြည်တော်ကောင်စီနယ်မြေအသင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက လည်းကောင်း၊ အမျိုးသမီး(၃) ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့်  ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဉီးစိုင်းလုံးဆိုင်ကလည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆု များချီးမြှင့်ကြသည်။

 

ဆက်လက်၍ အမျိုးသားတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးသွားသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဉီးမောင်းဟာကလည်းကောင်း၊ အမျိုးသမီး တံခွန်စိုက် ဒိုင်းဆုဆွတ်ခူးသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် ကလည်းကောင်း၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူး သွားသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်ကလည်းကောင်း တံခွန်စိုက်ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

 

၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၅ ရက်မှ ၁၅ ရက်အထိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(C) ရုံ၌  ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅သင်းနှင့် အမျိုးသမီးအသင်း ၁၃ သင်းတို့မှ ပြိုင်ပွဲဝင် အားကစားသမား ၃၆၈ ဉီးတို့သည် အမျိုးသား(၂) ယောက်တွဲ (၃)ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး (၂)ယောက်တွဲ၊ (၃) ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)