၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်       ဇူလိုင်      ၂၈

   

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သည့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သားငယ်၊ သမီးငယ်များအနေဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် အားကိုးအားထားပြုထိုက်သူများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ မိမိကိုယ်မိမိ ဦးစွာ ကောင်းအောင်ကြိုးစားပြီး မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံတော် ကောင်းမွန်စေရေး ကြိုးပမ်းကြစေလိုကြောင်း၊ Knowledge is Power ဆိုသည့်အတိုင်း အသိပညာ၊ ဗဟုသုတနှင့် အတွေးအခေါ်ကောင်းများရရှိစေရန် ကျောင်းသင်ခန်းစာများအပြင် သုတ၊ ရသအစုံစာများကို များများဖတ်စေလိုကြောင်း၊ မိမိတို့လေ့လာသင်ကြား ခဲ့သည့် ပညာ၊ ဗဟုသုတနှင့် အတွေးအခေါ်ကောင်းများ ပေါင်းစပ်ပြီး နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်ကြပြီး ယနေ့နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိပြီး နိုင်ငံတော်ကိုအလုပ်အကျွေးပြုနိုင်သော နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်း ရတနာများဖြစ် လာကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ငါးဘာသာနှင့် လေးဘာသာဂုဏ်ထူးရှင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးသန့်စင်က  သုံးဘာသာနှင့် နှစ်ဘာသာဂုဏ်ထူးရှင်ကို လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး များက တစ်ဘာသာဂုဏ်ထူးရှင်များကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ကျောင်းသား ကျောင်းသူများကိုယ်စား ၅ ဘသာဂုဏ်ထူးရှင် နှစ်ထပ်ကွမ်းလူရည်ချွန် မောင်ဉာဏ် လရောင်ထက်က ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသားသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များ သည် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ 

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၅ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၂ ဦး၊ ၄ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၆ ဦး၊ ၃ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၂ ဦး၊  ၂ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၆ ဦး၊ ၁ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၁ ဦးနှင့် ရိုးရိုး အောင်မြင်သူ ၆၂ ဦးစုစုပေါင်း ၈၉ ဦးရှိပြီး အဆိုပါ ကျောင်းသား ကျောင်းသူများကို ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)