၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မင်းဘူးခရိုင်အတွင်းရှိ (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/ကျောင်းသူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (အ.ထ.က စကု) ကျောင်းဆောင်သစ် စတင်ဖွင့်လှစ်

မင်းဘူး ဧပြီ ၃၀

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/ကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (အ.ထ.က စကု) ကျောင်းဆောင်သစ်ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပညာရေးမှူးက ပြောသည်။

 

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (အ.ထ.က စကု) ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲနှင့် အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဧပြီ ၂၉ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ဖွင့်လှစ်ရာတွင် နိုင်ငံတစ်ဝန်း၌ ခရိုင်(၅၀)၏ မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း (၅၁)ကျောင်းတွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း၌ ယခုစတင် ဖွင့်လှစ်ပေးခဲ့သည့် မင်းဘူးခရိုင်မှ အ.ထ.က စကုကျောင်း အပါအဝင်၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်မှ အ.ထ.က မြေပြင်သာ၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်မှ အ.ထ.က ပြလို့နှင့် သရက်ခရိုင်၊ သရက်မြို့နယ်မှ အ.ထ.က(၁)သရက်၊ စုစုပေါင်း (၄)ကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦးက ပြောသည်။

 

အဆိုပါကျောင်း၌ အထူးပြုဘာသာရပ်အလိုက် ကျောင်းတွင်းသတ်မှတ်ချက် အရည်အချင်းများနှင့်ကိုက်ညီပြီး တက်ရောက် ပညာသင်ကြားလိုသူ ကျောင်းသား/ကျောင်းသူ (၃၀)ဦးသတ်မှတ်ထားကာ စာတွေ့၊ လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများကို အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးသွားဖြစ်ကြောင်း၊ သင်တန်းကာလ (၃)နှစ်ပြီးမြောက်၍ အောင်မြင်ပါက သတ်မှတ်ထားသော တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများတွင် လွယ်လင့်တကူ ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်ပြီး ဘာသာရပ်အလိုက် အတတ်ပညာအောင်လက်မှတ်များကို ပေးအပ်သွားမည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)