၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား (ဒုတိယနေ့)သို့ တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား (ဒုတိယနေ့)သို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော်  ဇန်နဝါရီ   ၂

 

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား (ဒုတိယနေ့) ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး  သဘင်ဆောင်၌ ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင်  အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည်။

 

တက်ရောက်

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ဂုဏ်ထူးဆောင် ဘွဲ့ရရှိကြသည့် လူပုဂ္ဂိုလ်များ၊ ဆရာတော်၊ သံဃာတော်များနှင့် ဘာသာရေးခေါင်းဆောင်များ၊ မိသားစုဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ထို့နောက် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် နံနက်ပိုင်းတွင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့များဖြစ်ကြသည့် သီရိပျံချီဘွဲ့ရရှိသူ ၁၆၈ ဦးနှင့် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၂၁ ဦး တို့ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၁၃၂ ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ ၁၈ ဦးနှင့် သိပ္ပကျော်စွာ ဘွဲ့ရရှိသူ ငါးဦးတို့ကိုလည်းကောင်း ဂုဏ်ထူးဆောင် ဘွဲ့များကို တစ်ဦးချင်း လက်ရောက်ချီးမြှင့် အပ်နှင်းသည်။

 

ထိုသို့ ချီးမြှင့်အပ်နှင်းရာတွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် တည်ဆောက်ရာ၌ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ ယနေ့အထိ အသက်ခန္ဓာနှင့် သွေးချွေးများကို ပေးဆပ်ပြီး ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံ ခန့်ခွဲရေးကဏ္ဍများတွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသော ပညာရပ်တစ်ခုခုတွင် ကမ္ဘာအဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီး စွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့တွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်ထဲရေးဝန်ကြီးဌာနမှဝန်ထမ်းများ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တိုင်းရင်း သား လူငယ်မောင်မယ်များ၊ ကျောင်းသား ကျောင်းသူများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အိမ်တော် ဂုဏ်ပြုခန်းမဆောင်အား ပုံစံဒီဇိုင်းရေး ဆွဲပေးခဲ့သည့် ဗိသုကာပညာရှင်တို့ကို ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

 

ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်ကြ သည့် သီရိပျံချီဘွဲ့ရရှိသူ ၁၆၈ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ ၁၅၃ ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ ၁၈ ဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ ငါးဦးတို့ကို တစ်ဦးချင်း လက်ရောက်ချီးမြှင့် အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်