၂၀၂၃ ခုနှစ် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ကျင်းပ

မန္တလေး ဧပြီ

 

၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန် အလုပ်သမားဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ကိုယနေ့တွင် Mingalar Mandalay Shopping Complex ၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရအေဂျင်စီများ တက်ရောက်ကြသည်။

 

အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fiar)ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အလုပ်လာရောက်လျှောက်ထားသူများ၊ ပြပွဲတွင် ပါဝင်ပြသသော ကုမ္ပဏီများ၊ လုပ်ငန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

အလုပ်သမားဝန်ကြီးဌာနသည် အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များကို တစ်နေရာ တည်း၌ တွေ့ဆုံ၍ အချိန်ကုန်၊ ငွေကုန်သက်သာစွာနှင့် One Stop Service ဖြင့် အလုပ်အကိုင်များ ရရှိရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းပြပွဲများကို အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် အေဂျင်စီများနှင့်ပူးပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလုပ်အကိုင်အခွင့် အလမ်းပြပွဲများ ကျင်းပခဲ့ရာ (၇၁)ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ အလုပ်အကိုင်အခွင့်အလမ်း ပြပွဲတွင် စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီများ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ စုစုပေါင်း (၂၂) ခုတို့မှ ပါဝင်ပြသခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)