၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

 

 

နေပြည်တော် အောက်တိုဘာ ၂၁

 

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

 

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

 

ယနေ့ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

 

ထို့နောက် ပြပွဲတွင် ရောင်းချသည့် ပုလဲအတွဲပေါင်း ၃၀၀ အနက်မှ ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများအနက် တင်ဒါအမှတ် (၁) ကို မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ တင်ဒါအမှတ် (၂) ကို ညနေ ၅ နာရီတွင် လည်းကောင်း တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးပြီး ပုလဲအတွဲပေါင်း ( ၁၅၀ ) ရောင်းချရကြောင်း ကြေညာသည်။

 

ပြပွဲတတိယနေ့တွင် ပုလဲအတွဲပေါင်း ၃၀၀ အနက်မှ ကျန်ရှိသည့် ပုလဲအတွဲအမှတ် ၁၅၁ မှ အတွဲအမှတ် ၃၀၀ အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမသို့ ရောက်ရှိပြီး ပုလဲအတွဲများ တင်ဒါဖွင့်ဖောက် စစ်ဆေးနေမှု၊ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ 

 

ယခုကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၂၀ ရက်မှစတင်၍ ၂၈ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ၃၀၀၊ ကျောက်မျက်အတွဲ ၁၆၀၊ (A) အုပ်စုမှ ကျောက်စိမ်းအတွဲ ၅၂၀၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၃၃ နှင့် (C) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၉၂ စုစုပေါင်း ကျောက်စိမ်းအတွဲ ၄၀၄၅ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို ရောင်းချပေးသွားမည်ဖြစ်သည်။

 

ထို့ပြင် ယခု ကျင်းပပြုလုပ်လျက်ရှိသည့် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပြည်ပနိုင်ငံ (၄) နိုင်ငံမှ ရတနာကုန်သည်များ ပိုမိုတက်ရောက်ခဲ့ပြီး ယခင်ကျင်းပပြီး ပြပွဲများထက် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက တက်ရောက်ယှဉ်ပြိုင်ဝယ်ယူမှု များပြားသဖြင့် ပုလဲအတွဲများကို ဈေးနှုန်းပိုမိုစွာ ရောင်းချရရှိခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်