၂၀၂၃ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ဒေသန္တရ လေ့လာရေးများဆောင်ရွက်

နေပြည်တော်၊ မေ ၁

 

ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်း ပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံ လေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်) နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ ၌  တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

 

ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ  ယနေ့တွင် တပ်မတော်(ရေ)က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများကို တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့ရှိ  ရေကြောင်းလူငယ်စခန်းမှ  သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၁၅ ဦး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၀ တို့ကို သက်ဆိုင်ရာနယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြား ပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တပ်မတော်(ရေ)  ရေကြောင်းလူငယ်စခန်း ၁၁ ခု၌ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

 

ထို့ပြင် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများမှ သင်တန်းသား သင်တန်းသူများသည်  အခြားဗဟုသုတရဖွယ် နေရာများသို့လည်း သွားရောက်လေ့လာခဲ့ကြရာ သက်ဆိုင်ရာနေရာ အသီးသီးအလိုက် တာဝန်ရှိသူများကလိုက်လံ ရှင်းလင်းပြသပေးကြသည်။

 

အလားတူ တပ်မတော်(လေ)ကအခြေခံ လေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်) နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ တပ်မတော်(လေ) လေကြောင်းလူငယ် စခန်း ၁၇ ခု၌ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၈၀ ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

 

အဆိုပါ အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်) နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းများမှ သင်တန်းသား သင်တန်းသူများ လေကြောင်း အသိပညာနှင့် ဒေသန္တရဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့တွင် သက်ဆိုင်ရာသင်တန်းစခန်းများမှ သင်တန်းသားများ၊ နည်းပြ/ အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများက ဦးစီး၍ တပ်မတော်(လေ) လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းများရှိ ပျံသန်းရေးအုပ်များသို့လည်းကောင်း၊ အခြားဗဟုသုတ ရဖွယ်နေရာများနှင့် ဒေသအလိုက် အထင်ကရနေရာများသို့လည်းကောင်း  သွားရောက်လေ့လာခဲ့ကြပြီး သက်ဆိုင်ရာ နေရာအသီးသီးအလိုက် တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်