၂၀၂၃ ခုနှစ် တရုတ်-မြန်မာ Twin City Media Forum ကျင်းပရေး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံတကာပြန်ကြားရေးစင်တာမှ အမှုဆောင် အယ်ဒီတာချုပ်နှင့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၅

 

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ တရုတ်နိုင်ငံယူနန်ပြည်နယ်၏ တောင်အာရှနှင့် အရှေ့တောင်အာရှ (နိုင်ငံတကာဒေသတွင်း) ပြန်ကြားရေးစင်တာမှ အမှုဆောင်အယ်ဒီတာချုပ် မစ္စတာကျန့်ရော့ကူနှင့် အဖွဲ့အား လက်ခံတွေ့ဆုံပြီး ၂၀၂၃ ခုနှစ် တရုတ်-မြန်မာ Twin City Media Forum ကျင်းပရေး ဆွေးနွေးသည်။

 

တည်ဆောက်နိုင်ခဲ့

 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှုအား မြှင့်တင်ဆောင်ရွက်နိုင်မှုကြောင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုအထိ ပိုမိုတိုးတက်ခိုင်မြဲအောင် တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ၂၀၂၃ ခုနှစ် တရုတ်-မြန်မာ Twin City Media Forum ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်မှုသည် အထူးသင့်လျော် ကောင်းမွန်မှု ဖြစ်ပါကြောင်း၊ ယခင်လက ယူနန်ပြည်နယ်သို့ ရောက်ရှိခဲ့စဉ် ဧည့်ဝတ်ကျေပွန်မှု အတွက်လည်း အမှတ်တရရှိပြီး ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုလ(၂၂/၂၃) ရက်များက ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးသို့ သွားရာက်ခဲ့စဉ် တရုတ်နိုင်ငံ ပြန်ကြားရေးဝန်ကြီး H.E. Mr. SUN YELI နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မီဒီယာကဏ္ဍ တိုးမြှင့်ဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်အောင် ဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း၊ တရုတ်-မြန်မာ Twin City Media Forum ကို မန္တလေးမြို့၌ ယခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် ခမ်းနားထည်ဝါစွာဖြင့် ကျင်းပနိုင်ရန်နှင့် တရုတ်နိုင်ငံမှ အင်အား ၃၀ ခန့်နှင့် မြန်မာဘက်မှ အင်အား ၇၀ ခန့် ပေါင်းအင်အား ၁၀၀ ခန့်ဖိတ်ကြား၍ စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး ဖိုရမ်ပြီးပါက တရုတ်ဧည့်သည်များ နေပြည်တော်သို့ လာရောက် လေ့လာလည်ပတ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက် စေလိုပါကြောင်း ပြောကြားသည်။

 

ဆွေးနွေး

 

ယင်းနောက် ယူနန်ကိုယ်စားလှယ်က မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် ဆွေမျိုး ပေါက်ဖော် နှစ်နိုင်ငံအတွက် အကျိုးရှိပါကြောင်း၊ ယဉ်ကျေးမှု ကြွယ်ဝသည့် မန္တလေးမြို့တွင် ဖိုရမ်ကျင်းပရန် ရွေးချယ်နိုင်ခြင်းအပေါ် နှစ်ခြိုက်သဘောတူပါကြောင်း၊ ဖိုရမ်တွင် နှစ်နိုင်ငံ ယဉ်ကျေးမှု ဖျော်ဖြေရေးအစီအစဉ်ကိုလည်း ထည့်သွင်းဆောင်ရွက်လိုပါကြောင်းနှင့် ဖိုရမ်ကျင်းပရေး အစီအစဉ်ကို ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ နှစ်ဖက်တက်ရောက်လာသူများက ဖိုရမ်အောင်မြင်စွာ ကျင်းပနိုင်ရေး အပြန်အလှန် ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယူနန်ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ Myanmar International (MI) Channel မှ အပတ်စဉ် ရိုက်ကူးထုတ်လွှင့်နေသည့် ကျောင်းသူနှစ်ဦးအား အင်္ဂလိပ်ဘာသာဖြင့် ဗဟုသုတ မေးမြန်းဖြေဆိုမှု စွမ်းရည်ပြိုင်ပွဲ (Quiz Time Program ) ရိုက်ကူးမှုကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် MRTV-HD Channel မှ နေ့စဉ် နံနက် ၁၀ နာရီတွင် တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်နေသည့် “သတင်းထဲကသတင်း” အစီအစဉ်ကို ကြည့်ရှုအားပေးပြီး တင်ဆက်မည့် သတင်းများရွေးချယ်မှု၊ တင်ဆက်မှုပုံစံ၊ ဝတ်ဆင်မှု၊ လေ့လာဆန်းသစ်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားကာ တာဝန်ကျဝန်ထမ်းများအား ချီးမြှင့်ငွေ ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရုံးသို့ သွားရောက်ပြီး ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့် အဖွဲ့အား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်ပနိုင်ငံများနှင့် မီဒီယာကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်