၂၀၂၃ ခုနှစ်အကြိုကာလတွင် မန္တလေးဈေးကွက်အတွင်း ပြည်ပပို့ကုန်ပဲများနှင့် ဆီထွက်သီးနှံများ အရောင်းအဝယ်ကောင်းမွန်နေ

မန္တလေး ဒီဇင်ဘာ  ၃၀

 

၂၀၂၃ ခုနှစ်အကြိုကာလတွင် မန္တလေးဈေးကွက်အတွင်း၌ ပြည်ပပို့ကုန်ပဲများနှင့် ဆီထွက်သီးနှံများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

 ၂၀၂၂ ခုနှစ်အကုန် ကူးပြောင်းချိန်ကာလတွင် ပြည်ပဈေးကွက်ဝင် ပို့ကုန်များဖြစ်သည့် မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းနှင့် ဆီထွက်သီးနှံများ အရောင်းအဝယ်ပိုမိုကောင်းမွန်နေကြောင်း၊ ပြီးခဲ့သည့်နှစ် ကာလတူအချိန်က မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင်ငွေ ကျပ် ၁၂၅၀၀၀၊ ပဲစဉ်းငုံသုံးတင်းဝင် တစ်အိတ် လျှင် ငွေကျပ် ၁၂၀၀၀၀ နှင့် မြေပဲလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၃၂၀၀ သာရှိခဲ့သော်လည်း ယခုနှစ်လက်ရှိအချိန်တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀၊ ပဲစဉ်းငုံ သုံးတင်းဝင် တစ်အိတ်လျင်ငွေကျပ် ၁၇၀၀၀၀ နှင့် မြေပဲလုံးဆန်တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ ကျော် ဈေးတို့ဖြင့် အရောင်းအဝယ်များကောင်းမွန်နေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

 

" ဈေးကွက်ထဲမှာတော့ ပြီးခဲ့တဲ့နှစ်ထက်စာရင် အိန္ဒိယပို့ကုန်ဖြစ်တဲ့ မတ်ပဲ၊ ပဲစဉ်းငုံတွေ ဈေးကောင်း ရရှိနေတယ်။ တရုတ်ပြည်ပို့ကုန်ဖြစ်တဲ့ ပဲတီစိမ်းနဲ့ မြေပဲလုံးဆန်တွေလည်း ဈေးကောင်းရရှိနေတယ်။ ဒီနှစ်ရာသီဥတုက အသင့်အတင့်ကောင်းမွန်တာကြောင့် သီးနှံတွေလည်း ပုံမှန်အတိုင်းထွက်ရှိလာပါတယ်။ ခုချိန်မှာ ပြီးခဲ့တဲ့နှစ်ကာလတူက ပေါ်ဦးပေါ်ဖျား ဈေးတွေထက် ၃၀ ရာခိုင်နှုန်းလောက် မြင့်တက်လာပါတယ်။ လက်ရှိမှာ ပြည်ပပို့ကုန်ဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ နှမ်း၊ မြေပဲ၊ ပဲယင်း၊ မြေ ထောက်ပဲ၊ ထောပတ်ပဲ၊ ပဲလွန်းဖြူတွေ အားလုံးထွက်ရှိလာပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ်မှာ ဖောက်သည်နိုင်ငံတွေကလည်း ဝယ်ယူမှု တွေ တိုးတက်များပြားပြီးတော့ စဉ်ဆက်မပြတ်တင်မကပဲ ပိုမိုဝယ် ယူမှုတွေလည်း ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့်လာမယ့်နှစ်မှာ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးထွက်ကုန်တွေနဲ့ နိုင်ငံစီးပွားရေးကို ဦးမော့လာလိမ့်မယ် လို့ ခန့်မှန်းပါတယ်" ဟု ၎င်းက‌‌ပြောသည်။   

 

လက်ရှိအချိန်တွင် ပြည်ပဈေးကွက်ဝင်ပို့ကုန် ပဲများနှင့် ဆီထွက်သီး နှံများ ဈေးကွက်သို့ ဝင်ရောက် လာပြီး အရောင်းအဝယ်ကောင်းမွန်နေ ကြောင်း၊ ယင်း ပဲသီးနှံများကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ရာသီမရွေးစိုက်ပျိုးကြပြီး ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်းသီးနှံအဖြစ် တစ်ရာသီသာ စိုက်ပျိုးကြကြောင်းလည်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)