၂၀၂၃ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၏ သစ်သီး၊ ဟင်းသီးဟင်းရွက်တင်ပို့မှုစံချိန်တင်မြင့်တက်

စက်တင်ဘာ ၁၉

 

 

ဗီယက်နမ်၏ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှ ယခုနှစ်အတွင်း ဝင်ငွေရရှိမှုသည် အမေရိကန်ဒေါ်လာ ငါးဘီလီယံဖြင့် စံချိန်တင်မြင့်မားမည်ဟု ခန့်မှန်းထားကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ်အစောပိုင်းကာလက နိုင်ငံ၏သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုအခြေအနေကောင်းများကိုအခြေခံ၍ ခန့်မှန်းထားခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းစာ ဗီယက်နမ်နယူးစ်က ယမန်နေ့ကဖော်ပြထားသည်။

ဗီယက်နမ်သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်အသင်းကဖော်ပြထားသော ယင်းအခြေအနေကောင်းများအနက်တစ်ခုသည် ဗီယက်နမ်ကတရုတ်နိုင်ငံနှင့် ၂၀၂၂ ခုနှစ်ကချုပ်ဆိုခဲ့သော သဘောတူညီချက်များကြောင့် တရုတ်ဈေးကွက်က ဝယ်ယူမှုမြင့်မားလာခြင်းဖြစ်သည်။

စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ပြောကြားချက်အရ ယခုနှစ်ပထမခုနစ်လအတွင်း တရုတ်နိုင်ငံသို့ ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိ ရောက်ရှိခဲ့ပြီး လွန်ခဲ့သောနှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်မားလာခဲ့သည်။

တရုတ်နိုင်ငံသို့ အဓိကတင်ပို့သည့် ဗီယက်နမ်နိုင်ငံ၏ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ထုတ်ကုန်များတါင်  ဒူးရင်းသီး၊ သရက်သီး၊ နဂါးမောက်သီးနှင့် ငှက်ပျောသီးတို့ပါဝင်သည်။ တရုတ်ဈေးကွက်သို့ ပိန္နဲသီးတင်ပို့မှုသည်လည်း လာမည့်လများအတွင်း သိသိသာသာ တိုးလာမည့် အလားအလာရှိသည်။

ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှရရှိသော ၀င်ငွေသည် ယခုနှစ်ပထမရှစ်လအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံရှိရာ လွန်ခဲ့သောနှစ်အလားတူကာလထက် ၅၇ ဒသမ ၅ ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့သည်ဟု စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို