၂၀၂၃ခုနှစ်၊ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ၂၉

၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ၁နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီမှ အမျိုးသားအောင်ပွဲနေ့ ကျင်းပရေးဗဟိုကော်မတီဝင် အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အမျိုး သားအောင်ပွဲနေ့အခမ်းအနားကို အမျိုးသားရေးအနှစ်သာရ ပြည့်ဝစွာဖြင့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဆောင်ပုဒ်တို့နှင့်အညီ  အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆုံးဖြတ်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ၂၀၂၂ခုနှစ်၊ ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပပြီးစီးမှုအစီရင်ခံစာကို ကောက်နုတ် တင်ပြပြီး အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး ပညာရေးသုတေသနစီမံကိန်းနှင်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃ခုနှစ်၊ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့စီမံချက်နှင့် ဆုံးဖြတ်ရန်ကျန်ရှိသည့် အချက်များကိုတင်ပြရာ ဗဟိုကော်မတီဝင်များက ဆွေးနွေးဆုံးဖြတ် အတည်ပြုကြသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေကို တင်ပြကြရာ အမျိုးသားအောင်ပွဲနေ့အကြိုလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရေးနှင့် အမျိုးသားအောင်ပွဲနေ့အခမ်းအနားများကို စီမံချက်နှင့်အညီ အောင်မြင်စွာ ကျင်းပသွားရေး ညှိနှိုင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောခဲ့ကြောင်း သိရသည်။

သတင်းစဉ်