၂၀၂၃ခုနှစ်၊ အသက် (၂၅) နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြေးခုန်ပစ် ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်၊ အောက်တိုဘာ ၂၀

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရေကူးဒိုင်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ  Multipurpose Hall ၌ ကျင်းပပြီးအားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ၂၀၂၃ ခုနှစ်၊ အသက် (၂၅) နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ယခင်ပြည်နယ်၊ တိုင်းစံချိန်ထက် သာလွန်ကောင်းမွန်ပြီး စံချိန်သစ်တင်နိုင်ခဲ့သူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ရွှေ (၁၆) ခု၊ ငွေ (၃) ခု၊ ကြေး (၂) ခု တို့ဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ရွှေ (၁၂) ခု၊ ငွေ  (၆) ခု၊ ကြေး (၇) ခုတို့ဖြင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို လည်းကောင်း ဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရွှေ (၂၄) ခု၊ ငွေ (၇) ခု၊ ကြေး (၃) ခုတို့ဖြင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းကို တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။

 

mdn

 

၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် (အမျိုးသမီး) သံပြားဝိုင်းပစ်ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၉၂ ခုနှစ်က စန်းစန်းနု (ရန်ကုန်) တင်ခဲ့သည့် စံချိန် (၃၉ ဒသမ ၃၉) မီတာကို သိမ့်သိမ့်သူ (စစ်ကိုင်း) သည် (၄၀ ဒသမ ၃၅) မီတာဖြင့်လည်းကောင်း၊ (အမျိုးသား) သံပြားဝိုင်းပစ်ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၇၀ ခုနှစ်က ကျော်ဇင်(ရန်ကုန်) တင်ခဲ့သည့် စံချိန် (၄၃ ဒသမ ၀၅) မီတာကို ထက်ဝေယံ(ရှမ်း) သည် (၄၄ ဒသမ ၆၉) မီတာဖြင့်လည်းကောင်း၊ (အမျိုးသမီး) တုတ်ထောက်ခုန်ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၉၅ ခုနှစ်က နေနေဝင်း (ရန်ကုန်) တင်ခဲ့သည့် စံချိန် (၃ ဒသမ ၁၀) မီတာကို ယုယုပိုင် (တနင်္သာရီ) သည် (၃ ဒသမ ၁၇) မီတာဖြင့် လည်းကောင်း၊ (အမျိုးသား) အလျားခုန်ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၇၂ ခုနှစ်က သန့်ဇင် (ရန်ကုန်) တင်ခဲ့သည့် စံချိန် (၇ ဒသမ ၂၉) မီတာကို ဝိုင်ထက်ပိုင် (တနင်္သာရီ) သည် (၇ ဒသမ ၃၄) မီတာဖြင့်လည်းကောင်း၊ (အမျိုးသမီး) ကြိုးတပ်သံလုံးပစ် ပြိုင်ပွဲ ပွဲစဉ်၌ ၂၀၁၇ ခုနှစ်က အေးအေးမာ (မန္တလေး) တင်ခဲ့သည့် စံချိန်(၄၀ ဒသမ ၉၀) မီတာကို သွယ်သွယ်မိုး (တနင်္သာရီ) သည် (၄၆ ဒသမ ၀၅) မီတာ၊ အေးသူဟန် (စစ်ကိုင်း) သည် (၄၃ ဒသမ ၈၃) မီတာနှင့် သဲအိထွေး (မကွေး) သည် (၄၁ ဒသမ ၆၄) မီတာဖြင့်လည်းကောင်း စံချိန်သစ်တင်နိုင်ခဲ့သည်။

 

အလားတူ (အမျိုးသမီး) သုံးဆင့်ခုန်ပြိုင်ပွဲ ပွဲစဉ်၌ ၂၀၀၈ ခုနှစ်က အေးအေးသန်း (ပဲခူး) တင်ခဲ့သည့် စံချိန် (၁၁ ဒသမ ၆၇) မီတာကို ဝါဝါရွှေ (စစ်ကိုင်း) သည် (၁၁ ဒသမ ၇၁) မီတာဖြင့်လည်းကောင်း၊ (အမျိုးသား) တန်းမြင့်ခုန်ပြိုင်ပွဲ ပွဲစဉ်၌ ၂၀၂၀ ခုနှစ်က ရာဇာဖြိုး (စစ်ကိုင်း) တင်ခဲ့သည့် စံချိန် (၁ ဒသမ ၉၄) မီတာကို ထက်အောင်အောင် (ရန်ကုန်) သည် (၁ ဒသမ ၉၅) မီတာဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်က ရာဇာဖြိုး (စစ်ကိုင်း) သည် ၎င်းကိုယ်တိုင်တင်ခဲ့သည့် စံချိန် (၁ ဒသမ ၉၄) မီတာကို (၁ ဒသမ ၉၅) မီတာဖြင့်လည်းကောင်း၊ (အမျိုးသား) သံလုံးပစ်ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၇၃ ခုနှစ်က စောဆာလောလတင်ခဲ့သည့် မြန်မာပြည်စံချိန် (၁၄ ဒသမ ၈၀) မီတာနှင့် ၂၀၀၃ ခုနှစ်က အောင်မိုးဝင်း (ရှမ်း) တင်ခဲ့သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးစံချိန် (၁၃ ဒသမ ၈၀) မီတာတို့ကို ထက်ဝေယံ (ရှမ်း) သည် (၁၅ ဒသမ ၀၃) မီတာဖြင့်လည်းကောင်း၊ (အမျိုးသား) မီတာ (၈၀၀) ပြိုင်ပွဲ ပွဲစဉ်၌ ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံပြိုင်ပွဲတွင် ဟိန်းထက်အောင် (မန္တလေး) အသစ်တင်ခဲ့သည့် စံချိန် (၁:၅၃ ဒသမ ၆၃) စက္ကန့်ကို ဖြိုးကျော်ဇင်ဦး (ရှမ်း) သည် စံချိန် (၁:၅၃ ဒသမ ၄၄) စက္ကန့်ဖြင့်လည်းကောင်း၊ (အမျိုးသား) မီတာ (၂၀၀) ပြိုင်ပွဲ ပွဲစဉ်၌ ၂၀၀၄ ခုနှစ်က ဝေဖြိုးအောင် (မကွေး) တင်ခဲ့သည့် စံချိန် (၂၁ ဒသမ ၉၀) စက္ကန့်ကို ထက်အောင်ရှိုင်း (တနင်္သာရီ) သည် စံချိန် (၂၁ ဒသမ ၃၈) စက္ကန့်ဖြင့် လည်းကောင်း၊ (အမျိုးသား) မီတာ (၁၀၀) ပြိုင်ပွဲ ပွဲစဉ်၌ ၁၉၆၉ ခုနှစ်က စိုးဝင်း (ရန်ကုန်) တင်ခဲ့သည့် စံချိန် (၁၀ ဒသမ ၆၄) စက္ကန့်ကို (၅၄) နှစ်ကြာမှ ထက်အောင်ရှိုင်း (တနင်္သာရီ) သည် စံချိန် (၁၀ ဒသမ ၅၈) စက္ကန့်ဖြင့်လည်းကောင်း ယခင်စံချိန်ဟောင်းများထက် သာလွန်ကောင်းမွန်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးစံချိန်သစ်များ တင်နိုင်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်