နေပြည်တော် မတ် ၂၅

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။      

    

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေး မှူးများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။ 

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် အခြေခံပညာ စာမေးပွဲများ၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ နှစ်ဝက်ဆုံး စာမေးပွဲများ အားလုံးအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စာမေးပွဲများအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် မိမိတို့ ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးခဲ့ကြသည့် အခြေခံ၊ အဆင့်မြင့်၊ ဆရာအတတ်ပညာများမှ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများအားလုံးကို အထူးပင် ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ဆက်လက်၍အဖြေလွှာများကို စစ်ဆေးရာတွင် အမှားအယွင်းမရှိအောင် အထူးအလေးထား ဆောင်ရွက်ကြရန်မှာကြားလိုပါကြောင်း။

         

နွေရာသီ ကျောင်းပိတ်ရက်များတွင် ဆရာဆရာမများ၏ သင်ကြားသင်ယူမှုနှင့် ဘာသာရပ်ဆိုင်ရာအရည် အသွေးများ တိုးတက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် သက်ဆိုင်ရာ မွမ်းမံသင်တန်းများတွင် ကြိုးပမ်းသင်ယူကြစေ လိုကြောင်း၊ ဆရာဆရာမများ၏ အရည်အသွေး မြင့်မားနေမှသာ အရည်အချင်းရှိသည့် ကျောင်းသား ကျောင်းသူများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများအတွက်လည်း နွေရာသီတွင် အကျိုးရှိထိရောက် စေမည့်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးစေလိုပါကြောင်း၊ ပညာရေး အရည်အသွေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံးကညီညီညွတ်ညွတ်ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်ကြေး၊ ကျောင်းလခ များကို ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖြင့် တက္ကသိုလ်များအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် နွေရာသီ ဆရာ၊ဆရာမများ အရည်အသွေးမြှင့်သင်တန်း ဖွင့်လှစ်ရာတွင် ဘာသာရပ်အရည်အသွေးသာမက သင်ပြနည်း အရည်အသွေးတိုးတက်စေရန် Interactive Teaching and Learning စနစ်ကဲ့သို့ အပြန်အလှန်ဆွေးနွေး သင်ကြားသင်ယူနည်းများဖြင့် သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်ရေး လေ့ကျင့်ပေးစေလိုပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၊ ဆရာဆရာမများအားလုံး ညှိညှိနှိုင်းနှိုင်း၊ စည်းစည်းလုံးလုံး ဆောင်ရွက်မည်ဆိုပါက အကောင်အထည်ဖော်ဆောင်ရွက်နေသည့်  လုပ်ငန်းများ အားလုံး ရည်မှန်းချက်များကို အခက်အခဲမရှိ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ နှင့် စပ်လျဉ်း၍ ပြော ကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)