နေပြည်တော် နိုဝင်ဘာ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် (သောကြာနေ့) မှ ဒီဇင်ဘာ ၈ ရက် (တနင်္ဂနွေနေ့) အထိ ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်တည်း ကျင်းပမည် ဖြစ်သည်။
အဘိဓမ္မာ (ရိုးရိုး) စာမေးပွဲကို အစိုးရပထမငယ်တန်း (သို့မဟုတ်) ၄င်းနှင့် အလားတူ စာမေးပွဲအောင်မြင်ခြင်းမရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များ သာ ဖြေဆိုခွင့်ရှိပြီး အဘိဓမ္မာ (ရိုးရိုး) အောင်မြင်ပြီးသူများသည် အဘိဓမ္မာ (ဂုဏ်ထူးဆောင်) စာမေးပွဲကိုဖြစ်စေ ဝိသုဒ္ဓိမဂ် စာမေးပွဲကိုဖြစ်စေ ဖြေဆိုနိုင်သည်။ 
ဝိသုဒ္ဓိမဂ်စာမေးပွဲကို အစိုးရပထမကြီးတန်း၊ ဓမ္မာစရိယတန်း (သို့မဟုတ်) ၄င်းနှင့် အလားတူ စာမေးပွဲများ အောင်မြင်ခြင်းမရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိသည်။ 
အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲတွင် တစ်ဆင့်ဖြစ်စေ၊ နှစ်ဆင့်ဖြစ်စေ၊ သုံးဆင့် ဖြစ်စေ နှစ်ချင်းပေါက် ဖြေဆိုခွင့်ရှိပါသည်။ ယခင်က သုံးဆင့်လုံး အပြည့်အစုံ မအောင်မြင်သေးသူများ အနေဖြင့် သုံးဆင့်လုံးကို နှစ်ချင်းပေါက် ထပ်မံဖြေဆိုခွင့်ရှိသည်။
စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာစာဖြေဌာနတည်ရှိရာ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ရှိ မြို့နယ်သံဃနာယကအဖွဲ့ရုံးများသို့ အချိန်မီပေးပို့ထားမည်ဖြစ်၍ အဆိုပါရုံးများတွင် စာမေးပွဲ ဖြေဆိုရက်မတိုင်မီ ထုတ်ယူနိုင်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်