၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီ

နေပြည်တော် မေ ၁၆

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်း နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အားကစားအသင်းများအလိုက် အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ(အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အဆိုပါအသင်းများသည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဖိအားပေးယှဉ်ပြိုင်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး ဘော်လီဘောပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အဆိုပါအသင်းများသည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖိအားပေး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ရှမ်းပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၃ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဘော်လီဘောပြိုင်ပွဲ(အမျိုးသမီး)တွင် အကောင်းဆုံးအားကစားသမားဆု ရရှိခဲ့ကြသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကောင်စီဝင်များဖြစ်ကြသည့် ဦးရန်ကျော်၊ ဦးရွှေကြိမ်းတို့ကလည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့ကြသူများကို ကောင်စီဝင်များဖြစ်ကြသည့် ခွန်စံလွင်၊ ဒေါက်တာဘရွှေ၊ ဒေါက်တာမှုထန်တို့က ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိကြသည့် ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့အား ကောင်စီဝင် ပိုးရယ်အောင်သိန်းကလည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိကြသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့အား ကောင်စီဝင် ဒေါ်ဒွဲဘူကလည်းကောင်း၊ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ဘော်လီဘော(အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်းအား ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်းနှင့် ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်ပြီး အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လာရောက်ယှဉ်ပြိုင်ကြသည့် ဘော်လီဘောအားကစားသမားများ ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရန်၊ နိုင်ငံ့လက်ရွေးစင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဘော်လီဘောအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ မေ ၇ ရက်မှ ၁၆ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်းတို့ပါဝင် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်