နေပြည်တော် နိုဝင်ဘာ ၁၃
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅) အစည်းအဝေးခန်းမ၌ကျင်းပရာ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဆပ်ကောမတီအဖွဲ့ဝင်များဖြစ်ကြသော ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အထူးဖိတ်ကြားထားသော လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ယခုကျင်းပမည့် အမျိုးသားအားကစားပြိုင်ပွဲသည် နိုင်ငံတော်အဆင့် ကျင်းပသည့်ပွဲဖြစ်သည့်အတွက် အလေးအနက်ထား ကြိုတင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲတွင် ပါဝင်ဖျော်ဖြေကြသူများကို လေ့ကျင့်ချိန်နှင့် အခမ်းအနားကျင်းပချိန်များတွင် အချိန်မီ ပို့ဆောင်ရမည်ဖြစ်ကြောင်း၊ အားကစားသမားများနှင့် ဒိုင်/ဂျူရီများကို သက်ဆိုင်ရာနေ့အလိုက် ပြိုင်ပွဲကျင်းပရာသို့ အချိန်မီရောက်ရှိနိုင်ရေး ပို့ဆောင်ရမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရေးကိစ္စများတွင် အဆင်ပြေချောမွေ့မှုရှိစေရန်နှင့် လုံခြုံစိတ်ချမှုရှိစေရန် အသေးစိတ် စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူက ဆပ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက်ကြသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်