နေပြည်တော် နိုဝင်ဘာ ၁၃
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူငယ်ရေးရာ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆို နေရာချထားရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အားကစားပွဲတော်တွင် လာရောက် ကြည့်ရှုမည့် ပရိသတ်များ အဆင်ပြေချောမွေ့စေရေးအတွက် ယခုအစည်းအဝေးကို ကျင်းပ ရခြင်းဖြစ်ကြောင်း၊ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားသို့ လာရောက်မည့်သူများ အတတ်နိုင်ဆုံး သက်သောင့်သက်သာဖြင့် ကြည့်ရှုအားပေးနိုင်စေရေးအတွက် နေရာများ စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း၊ ဖိတ်ကြားထားသည့် သက်ဆိုင်ရာလုပ်ငန်း ကော်မတီဝင်များကလည်း ဝန်ကြီးဌာနများအလိုက် လာရောက်အားပေးနိုင်ရေး ပြင်ဆင်ထားရန်လိုကြောင်း၊ ပရိသတ် နေရာချထားမှု အစီအစဉ်များနှင့်ပတ်သက်ပြီး ကြိုတင်ရှင်းလင်းသည့်အစီအစဉ်ကို ဝန်ကြီးဌာန များ၊ အဖွဲ့အစည်းများမှ တာဝန်ခံများနှင့်အတူ လက်ထောက်တာဝန်ခံနှင့် ယာဉ်ကြီးကြပ်သူများ မပျက်မကွက် တက်ရောက်ပေးသွားရန်လိုကြောင်း၊ ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနား အောင်အောင် မြင်မြင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ပျော်ပျော် ရွှင်ရွှင် လာရောက်အားပေးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆို နေရာချထားရေး ဆပ်ကော်မတီ၏ဆောင်ရွက်ထားရှိမှု လုပ်ငန်းအခြေအနေကို ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြ ကြရာ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်