နေပြည်တော် ဒီဇင်ဘာ ၄
၂၀၂၄ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပညာ ရေးဝန်ကြီးဌာန အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ တာဝန်ရှိသူများ ၊ ပညာရေးဝန်ကြီးဌာန ကိုယ်စား ပြုအားကစားအဖွဲ့များမှ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့်၌ ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)၊ ဘောလုံး (အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ဂေါက်သီး (အမျိုးသား)၊ ပိုက်ကျော်ခြင်း (အမျိုးသား)နှင့် ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) အားကစားနည်း ၆ မျိုးလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားအင်အား စုစုပေါင်း ၁၅၅ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးပြည့်ဝသော အားကစားသမားများက အားကစား စိတ်ဓာတ်အပြည့်အဝနှင့် ပြိုင်ပွဲများအားလုံးကို တက်တက် ကြွကြွပါဝင်ယှဉ်ပြိုင်ပြီး ကြိုးပမ်းမှုနှင့် ထိုက်ထိုက်တန်တန် အောင်မြင်မှုများ ဆွတ်ခူးရရှိနိုင် မည်ဟုယုံကြည်ပါကြောင်း၊ အားကစား စိတ်ဓာတ်အပြည့်ဖြင့် မဆုတ်မနစ်သော ဇွဲလုံ့လဝီရိယများနှင့် လှေခွက်ချည်းကျန် အလံမလှဲ အားသွန်ခွန်စိုက်ကြိုးပမ်း ပါဝင်ယှဉ်ပြိုင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး ပညာရေးဝန်ကြီးဌာန အားကစားအဖွဲ့များကိုယ်စား အဖွဲ့ခေါင်းဆောင် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းကို အောင်နိုင်ရေးအလံအပ်နှင်းသည်။
ဆက်လက်၍ အားကစားအဖွဲ့များခေါင်းဆောင် ဒေါက်တာတင်ထွန်းက အားကစား အဖွဲ့များ၏ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင် စုဝန်ကြီးက အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်သူ၊နည်းပြနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်