၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ ပရီမီယာလိဂ်နောက်ဆုံးပွဲစဉ်တွေကို မေ ၂၄ ရက် ညပိုင်းက တစ်ချိန်တည်းတစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားခဲ့ပြီး ရာသီပိတ်သိမ်းချိန်မှာ အာဆင်နယ်အသင်းက ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဘောလုံးရာသီပိတ်သိမ်းချိန်မှာ ရမှတ် ၈၅ မှတ် စုဆောင်းနိုင်ခဲ့ကာ ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် ပရီမီယာလိဂ်ဖလားကို (၁၄)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ ဘောလုံးရာသီကုန်ချိန်မှာ ပရီမီယာလိဂ်အမှတ်ပေးဇယား အဆင့်(၅)အတွင်း ဝင်ရောက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်း၊ မန်စီးတီးအသင်း၊ မန်ယူအသင်း၊ အက်စ်တွန်ဗီလာအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့ပြီး ဘုန်းမောက်အသင်းနဲ့ ဆန်းဒါးလန်းအသင်းတို့ကတော့ ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့ကာ ဘရိုက်တန်အသင်းက ဥရောပကွန်းဖရန့်လိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်း၊ ဘန်လေအသင်းနဲ့ ဝုလ်ဗာဟမ်တန်အသင်းတို့ကတော့ ပရီမီယာလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့်(၁၈)၊ အဆင့်(၁၉)နဲ့ အဆင့် (၂၀) တို့မှာ အသီးသီးရပ်တည်ခဲ့တာကြောင့် ပရီမီယာလိဂ်ကနေ ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။
ယခုဘောလုံးရာသီမကုန်ခင်ကတည်းက ပရီမီယာလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ၂၀၀၄ ခုနှစ်က ဖလားနောက်ဆုံးဆွတ်ခူးနိုင်ခဲ့တာဖြစ်လို့ ၂၂ နှစ်အတွင်း ပရီမီယာလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
ငွေကြယ်


