နေပြည်တော် ဧပြီ ၂၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်များ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ် များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဇွန်လဆန်းတွင် ကျောင်းများပြန်လည် ဖွင့်လှစ်မည် ဖြစ်၍ ငလျင်ဒဏ်ခံကျောင်းများအနေဖြင့် နှစ်သုတ်တက်စနစ်ဖြင့် တက်ရောက်နိုင်ရေး စီစဉ် ဆောင်ရွက်ထားရန်နှင့် ယာယီကျောင်းဆောင်များ တည်ဆောက်နိုင်ရေးကိုလည်း စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ ငလျင်ဒဏ်မခံရသော တက္ကသိုလ်များအနေဖြင့် မိမိတို့တက္ကသိုလ်၏ တိုးတက်ရေး၊ ဘာသာရပ်ဆိုင်ရာ တိုးတက်ရေးအတွက် ဌာနတွင်း မွမ်းမံသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေး ကြရန်လိုကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေး ကြရန်လိုကြောင်း၊ ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသော ဆရာ ဆရာမများ၊ ပညာရေး ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ဝန်ကြီးဌာနအနေဖြင့် လွန်စွာဝမ်းနည်းရပါကြောင်း၊ ငလျင်ဒဏ်ကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များ အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပသွားမည်ဖြစ်၍ သဘာဝ ဘေးအန္တရာယ် ခံစားခဲ့ရသော ကျောင်းသား ကျောင်းသူများ အတွက် လိုအပ်သည်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဇွန် ၂ ရက်မှစ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ဆောင်၊ စာသင်ခန်းများနှင့် အိပ်ဆောင်များ သန့်ရှင်းရေး ဆောင်ရွက်ကြရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ရုံးများ၊ ကျောင်းများတွင် သတ်မှတ်ထားသော ဝတ်စုံများကို ဝတ်ဆင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ကျင်းပမည့် စာစစ်ဌာနများတွင် ဖြေဆိုရမည့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ဦးစီးဌာနအလိုက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ဆွေးနွေး ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်