ရန်ကုန် ဖေဖော်ဝါရီ ၄
၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စုမဲခွဲရာတွင် မြန်မာအသင်းသည် အုပ်စု (B) တွင် ကျရောက်ခဲ့ပြီး မလေးရှားအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။
အုပ်စုခွဲဝေရာတွင် အုပ်စု (A) ၌ လက်ရှိ ချန်ပီယံ ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ခြေစစ်ပွဲအောင်အသင်း (ဘရူနိုင်း/တီမော)၊ အုပ်စု (B) ၌ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ မြန်မာနှင့် လာအိုအသင်းတို့ ပါဝင်နေသည်။ ခြေစစ်ပွဲကို ဇွန် ၂ ရက်နှင့် ၉ ရက်တို့တွင် နှစ်ကျော့ကစားရမည်ဖြစ်ပြီး ဘရူနိုင်းနှင့် တီမောအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နောက်ဆုံးအဆင့်ကို ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲများကို ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၈ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ကစားရမည်ဖြစ်ပြီး မြန်မာအသင်းသည် ဇူလိုင် ၂၅ ရက်တွင် မလေးရှားအသင်းနှင့် အိမ်ကွင်း၊ ဇူလိုင် ၂၈ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် အဝေးကွင်း၊ သြဂုတ် ၄ ရက်တွင် လာအိုအသင်းနှင့် အိမ်ကွင်း၊ သြဂုတ် ၈ ရက်တွင် ထိုင်းအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကစားသမားအစုံအလင် ပါဝင်နိုင်ရန် ပြိုင်ပွဲကျင်းပသည့်ကာလ အပြောင်းအလဲပြုလုပ်ထားပြီး ယခင်ကျင်းပနေသည့် နှစ်ကုန်ပိုင်းအစား နှစ်လယ်ပိုင်းတွင် ပြောင်းလဲ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့်ပုံစံကို ယခင်အတိုင်း ပြုလုပ်မည်ဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး၊ ဓာတ်ပုံ - AFF


