နေပြည်တော် မတ် ၁၈
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲများကို မတ် ၁၁ ရက်က စတင်ကျင်းပခဲ့ရာ မတ် ၁၇ ရက်တွင် အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများကိုလည်း မတ် ၁၁ ရက်မှ စတင်ကျင်းပခဲ့ရာ ယနေ့စာမေးပွဲဖြေဆိုမှု နောက်ဆုံးနေ့တွင် သက်ဆိုင်ရာ ဘာသာရပ်များဖြစ်သည့် မြို့ပြ ပုံဆွဲဘာသာရပ်၊ အခြေခံပရိုဂရမ် မိတ်ဆက် ဘာသာရပ်နှင့် စက်မှု ပုံဆွဲဘာသာရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများက စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/ မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။
ထိုသို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုကြရာ စက်မှုအတတ်ပညာတွင် (မြို့ပြပုံဆွဲဘာသာရပ်၊ အခြေခံပရိုဂရမ်မိတ်ဆက် ဘာသာရပ်နှင့် စက်မှုပုံဆွဲဘာသာရပ်)တို့ကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်များမှ စာစစ်ဌာနစုစုပေါင်း ၄၁ ခု၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၁၁၄ ဦး ၉၉ ဒသမ ၀၆ ရာခိုင်နှုန်းဖြင့် ဖြေဆိုခဲ့ကြကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းဟာ ရန်ကုန်တိုင်းဒေသကြီးမှာ လေးကျောင်းရှိခဲ့တာဖြစ်ပါတယ်။ အဲဒီ လေးကျောင်းထဲမှာ ကျွန်တော်တို့ မှော်ဘီခရိုင်အနေနဲ့ စက်မှု အထက (၁) ကျောင်းရရှိတာ ဖြစ်တဲ့အတွက်ကြောင့် အထူးပဲ ကျေးဇူးတင် ဝမ်းသာပါတယ်။ ဒါကြောင့် ဒီနေ့ ကျောင်းသားတွေလည်း ဒီတက္ကသိုလ်ဝင်စာမေးပွဲကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းအနေနဲ့ ပျက်ကွက်မရှိအောင် ကျွန်တော်တို့ တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ပြီးတော့ ဆောင်ရွက်ခဲ့တာဖြစ်တဲ့ အတွက်ကြောင့် ဒီစာမေးပွဲမှာ စာရင်းရှိ ၁၂၄ ဦးဖြစ် ပြီးတော့ ဖြေဆိုသူအားလုံးက ၁၂၄ ဦးဖြစ်တဲ့ အတွက်ကြောင့် ဖြေဆိုရာခိုင်နှုန်း ၁၀၀ ရာခိုင်နှုန်း ဖြစ်ကြောင်း တင်ပြလိုပါတယ် ခင်ဗျ။”
“စက်မှုဘာသာရပ် ဆိုရင်တော့ တော်တော်များများ ဖြေဆိုနိုင်ခဲ့ပါတယ်။ (အေ)အထိတောင် မှန်းထားပါတယ်။ ဒီကျောင်းတက်ရတာ လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက်ဖြစ်ချင်လို့ ET ကို ရွေးချယ်ခဲ့ပါတယ်။ ဒီကျောင်းစဖွင့် မယ်ဆိုကတည်းက မိဘတွေက နောက်ကနေ အကုန်ရေကုန်ရေခန်း ကူညီပေးပါတယ်။ ဒီတတိယနှစ်မှာ တော်တော်ကြိုးစားခဲ့ပါတယ်။”
၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို မတ် ၁၁ ရက်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့တွင် စာမေးပွဲဖြေဆိုမှု နောက်ဆုံးရက်အဖြစ် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


