နေပြည်တော် ဇွန် ၂၈
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများ၌လည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ၌လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝင်ရောက်ဖြေဆိုသူ ၁၄၁၃၁ ဦးရှိသည့်အနက် အောင်မြင်သူ ၇၀၂၁ ဦး၊ အောင်မြင်မှု ရာခိုင်နှုန်းအနေဖြင့် ၄၉ ဒသမ ၆၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာစစ်ဌာနဖွင့်လှစ်ထားသော ကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် မိဘများက စိတ်အားထက်သန်စွာ လာရောက်ကြည့်ရှုကြသည်။
“၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုသူ ၇၈ ဦးရှိပြီး အောင်မြင်သူ ၃၃ ဦး ရှိပါတယ်။ အောင်ချက်ရာခိုင်နှုန်းအနေနဲ့ ၄၂ ဒသမ ၃၁ ရာခိုင်နှုန်းရှိပါတယ်။ အရင်နှစ်နဲ့ အောင်မြင်မှုရာခိုင်နှုန်းက အတူတူပဲဖြစ်ပါတယ်။ ဘာသာစုံဂုဏ်ထူးရှင် ၃ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၄ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၄ ဦး၊ တစ် ဘာသာဂုဏ်ထူးရှင် ၅ ဦး စုစုပေါင်းဂုဏ်ထူးရရှိသူ ၂၁ ဦးရှိပါတယ်။ လာမယ့် နှစ်မှာ ဒီထက်မက အောင်ချက်ရာခိုင်နှုန်းတွေ မြင့်မားပြီး ဂုဏ်ထူးတွေအများကြီးရရှိအောင် ကြိုးစားကြပါ။ အခုစာသင်နှစ်အတွက်လည်း ကျောင်းအပ်နှံလို့ ရပါသေးတယ်” ဟု အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက ပြောကြားသည်။
ထို့အတူ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မေယဉ်မွန်က “ဒီနှစ်အောင်ချက်ရာခိုင်နှုန်းက ၄၂ ဒသမ ၆၄ ရာခိုင်နှုန်းရှိပါတယ်။ ဘာသာစုံဂုဏ်ထူးရှင် ၄ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁ ဦးနဲ့ တစ်ဘာသာ ဂုဏ်ထူးရှင် ၆ ဦး ရရှိကြပါတယ်။ အခုနှစ်တက်နေတဲ့ G 12 ကျောင်းသား ကျောင်းသူတွေကို နှစ်အစကတည်းက အချိန်ပိုယူပြီး သင်ကြားပေးနေပါတယ်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ဘာသာစုံဂုဏ်ထူးရှင်တွေ ထွက်ရှိသလိုလာမယ့်ပညာသင်နှစ်မှာလည်း ဒီထက်မက ဂုဏ်ထူးရရှိသူတွေ ပိုများအောင် ဆရာ ဆရာမတွေကလည်း ကြိုးစားသင်ကြားနေကြပါတယ်” ဟုပြောသည်။
အလားတူ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းကလည်း “ ဒီနှစ်အောင်မြင်မှုရာခိုင်နှုန်း ၄၆ ဒသမ ၅၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ မနှစ်က အောင်မြင်မှုရာခိုင်နှုန်းက ၃၂ ရာခိုင်နှုန်းကျော်ဆိုတော့ ဒီနှစ်အောင်မြင်မှု ရာခိုင်နှုန်း ပိုမိုတိုးတက်လာပါတယ်။ ဂုဏ်ထူးရရှိမှုတွေကတော့ လေးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁ ဦးနဲ့ တစ်ဘာသာဂုဏ်ထူးရှင် ၅ ဦးရရှိပါတယ်။ ကျောင်းသား ကျောင်းသူတိုင်းကို မှာကြားချင်တာကတော့ ဘယ်အတန်းမဆို သင်ခန်းစာကို အကြွေးမထားဘဲ တစ်နေ့စာတစ်နေ့၊ တစ်ပတ်စာတစ်ပတ် ပုံမှန်လေ့ကျင့်သွားမယ်ဆိုရင် ဘာသာရပ်အားလုံး အခက်အခဲမရှိ ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နေပြည်တော်နယ်မြေအတွင်း ဖြေဆိုအောင်မြင်မှုအနေဖြင့် ဥတ္တရသီရိမြို့နယ်၌ ဖြေဆိုသူ ၁၀၁၆ ဦး၊ အောင်မြင်သူ ၅၇၃ ဦး အောင်ချက် ရာခိုင်နှုန်း ၅၆ ဒသမ ၄၀ ရာခိုင်နှုန်း၊ တပ်ကုန်းမြို့နယ်၌ ဖြေဆိုသူ ၂၁၂၅ ဦး၊ အောင်မြင်သူ ၁၀၇၁ ဦး အောင်ချက်ရာခိုင်နှုန်း ၅၀ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဇေယျာသီရိမြို့နယ်၌ ဖြေဆိုသူ ၁၅၅၂ ဦး၊ အောင်မြင်သူ ၆၆၀ အောင်ချက်ရာခိုင်နှုန်း ၄၂ ဒသမ ၅၃ ရာခိုင်နှုန်း၊ ပုဗ္ဗသီရိမြို့နယ်၌ ဖြေဆိုသူ ၁၈၅၁ ဦး၊ အောင်မြင်သူ ၈၁၅ ဦး အောင်ချက်ရာခိုင်နှုန်း ၄၄ ဒသမ ၀၃ ရာခိုင်နှုန်း၊ ပျဉ်းမနားမြို့နယ်၌ ဖြေဆိုသူ ၂၆၁၃ ဦး၊ အောင်မြင် သူ ၁၄၇၃ ဦး အောင်ချက်ရာခိုင်နှုန်း ၅၆ ဒသမ ၃၇ ရာခိုင်နှုန်း၊ ဇမ္ဗူသီရိမြို့နယ်၌ ဖြေဆိုသူ ၁၅၄၄ ဦး၊ အောင်မြင်သူ ၇၇၃ ဦး အောင်ချက်ရာခိုင်နှုန်း ၅၀ ဒသမ ၀၆ ရာခိုင်နှုန်း၊ လယ်ဝေးမြို့နယ်၌ ဖြေဆိုသူ ၃၀၂၁ဦး၊ အောင်မြင်သူ ၁၄၇၀ အောင်ချက် ရာခိုင်နှုန်း ၄၅ ဒသမ ၄၈ ရာခိုင်နှုန်းနှင့် ဒဏ္ခိဏသီရိမြို့နယ်၌ ၄၀၉ ဦး၊ အောင်မြင်သူ ၁၈၆ ဦး အောင်ချက်ရာခိုင်နှုန်း ၄၅ ဒသမ ၄၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာစာ၊ သင်္ချာ၊ ရူပဗေဒ၊ ဇီဝဗေဒဂုဏ်ထူးတို့ဖြင့် အောင်မြင်သူ မမြင့်မြတ်သဇင်က “ဒီလိုဂုဏ်ထူးတွေရရှိအောင် တစ်နေ့စာ တစ်နေ့၊ တစ်ပတ်စာတစ်ပတ်ကို မှတ်မိနေအောင် လေ့ကျင့်ပါတယ်။ ပြန်လှန်လေ့ကျင့်ခန်းတွေကိုလည်း အကြိမ်များစွာ လေ့ကျင့်ခဲ့ပါတယ်။ စာကျက်မှတ်ချိန်တွေကို အချိန်ဇယားနဲ့ သေချာကျက်မှတ်ခဲ့ပါတယ်။ စားချိန်၊ အိပ်ချိန်တွေအချိန်မှန်သတ်မှတ်ပြီး ကျန်းမာရေးလည်း အထူးဂရုစိုက်ခဲ့ပါတယ်။ ကျွန်မက စိုးရိမ်စိတ်နဲ့ သင်ခန်းစာတွေကို လေ့လာတဲ့အခါ စိတ်ဖိစီးမှုဖြစ်ပြီး ပင်ပန်းပါတယ်။ ဒါကြောင့် စိတ်အေးအေးနဲ့ လေ့လာဖို့ပြန်ပြီး သတိထားခဲ့ရတယ်။ ဒါကြောင့် အဲဒီလိုမဖြစ်အောင် မောင်လေး၊ ညီမလေးတွေကိုလည်း စိတ်အေးအေးထားပြီး လေ့လာသင်ယူဖို့ အကြံပြုချင်ပါတယ်” ဟု ပြောသည်။
အလားတူ တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု ဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်ဂုဏ်ထူးများဖြင့် အောင်မြင်သူ မောင်မြတ်ထက်ဦးကလည်း “ပထမအဆင့်အနေနဲ့ ကျောင်းက သင်ကြားလိုက်တဲ့သင်ခန်းစာတွေကို အဲဒီနေ့မှာပဲ မှတ်မိအောင် ပြန်လည်လေ့ကျင့်ပါတယ်။ တစ်ပတ်စာတစ်ပတ်လေ့ကျင့်ပါတယ်။ အားနည်းတဲ့ ဘာသာ၊ ပုစ္ဆာဆိုရင် ထပ်ခါထပ်ခါ လေ့ကျင့်ခဲ့ပါတယ်။ ကျွန်တော်က ရေကြောင်းအရာရှိတစ်ယောက် ဖြစ်ချင် တဲ့အတွက် ရေကြောင်းသိပ္ပံတက်ဖို့ စိတ်ကူးထားပါတယ်။ ညီလေး၊ ညီမလေးတွေကို အကြံပြုချင်တာက Grade-12 စာမေးပွဲကြီးဆိုပြီး စိုးရိမ်စိတ်မထားပါနဲ့၊ လေ့ကျင့်ခန်းတွေ ပြန်လှန်လေ့ကျင့်ရင်း အကောင်းဆုံးကျော်ဖြတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။
ထို့အတူ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်ဂုဏ်ထူးများဖြင့် အောင်မြင်သူ မောင်သော်ဇင်ထွန်းက “Grade-12 စာသင်နှစ်စကတည်းက ကျောင်းမှာ ဆရာ ဆရာမတွေ သင်ကြားတာကို သေချာမှတ်သားပါတယ်။ အိမ်ရောက်ရင် ကျောင်းမှာသင်ကြားလိုက်တဲ့ ဘာသာရပ်အားလုံးကို ပြန်လည်လေ့ကျင့်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ ရည်မှန်းချက်ကတော့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ချင်တာပါ။ အမှတ်လည်း ကောင်းလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ Grade-12 အတန်းက တစ်နှစ်ပတ်လုံးနေ့စဉ် လေ့လာလေ့ကျင်မှုနဲ့ ဖြတ်သန်းသွားမှသာ အောင်မြင်မယ့်အတန်းဖြစ်ပါတယ်။ ဒါကြောင့်မို့ နှစ်စကတည်းက တစ်နေ့စာတစ်နေ့ပုံမှန်လေ့ကျင့်ပြီး ကျန်းမာရေးကိုလည်း ဂရုစိုက်ပါလို့ အကြံပြုမှာကြားချင်ပါတယ်”ဟု ပြောသည်။
ထို့အပြင် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်ဂုဏ်ထူးများဖြင့် အောင်မြင်သူ မအိမ့်ချယ်ပိုင်က “ သင်ခန်းစာတိုင်းကို တစ်နေ့စာတစ်နေ့၊ တစ်ပတ်စာတစ်ပတ် စာအကြွေးမရှိအောင် လေ့ကျင့်ခဲ့ပါတယ်။ ပြန်လှန် လေ့ကျင့်ခန်းတွေကိုလည်း အချိန်ဇယားနဲ့ လေ့လာခဲ့ပါတယ်။ အဓိကအချက်ကတော့ ကိုယ်ပိုင်အချိန်ရှိဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးလည်း ဂရုစိုက်ပါလို့ မှာကြားလိုပါတယ်”ဟု ပြောပြသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုက ကြေညာပေးခဲ့ပြီး အောင်စာရင်းနှင့် ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။
အေးအေးသန့်၊ ဓာတ်ပုံ-ဖိုးပြည့်စုံ


