နေပြည်တော် မတ် ၁၁
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို ယနေ့စတင်ကျင်းပရာ နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်း ပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
စည်းကမ်းချက်များ ရှင်းလင်းပြောကြား
နံနက်ပိုင်းမှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများသည် မိမိတို့ဖြေဆိုကြမည့် စာစစ်ဌာနများသို့ အချိန်မီရောက်ရှိလာကြရာ တာဝန်ကျ ဆရာ ဆရာမများက စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/ မမှန် စစ်ဆေးခြင်း၊ ဖြေဆိုကြမည့် အခန်းများအတွင်း၌လည်း ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် စာမေးပွဲဆိုင်ရာ စည်းကမ်းချက်များ ရှင်းလင်း ပြောကြားခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
“ဒီစာစစ်ဌာနမှာက အထက(ခွဲ) အလက(၃)၊ Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ အလွတ်ဖြေတို့ ဖြေဆိုကြမှာဖြစ်ပါတယ်၊၊ STEAMS-1 မှာ ၇၈ ဦး၊ STEAMS-2 မှာ ၁၄ ဦး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၉၂ ဦး ဖြေဆိုမှာဖြစ်ပါတယ်။ စာမေးပွဲမတိုင်မီ ငါးရက်လောက်အလိုကတည်းက စာသင်ခုံ၊ လျှပ်စစ်မီးနဲ့ သန့်စင်ခန်းတွေကအစ အားလုံးကို အထူးဂရုတစိုက် ပြင်ဆင်ထားပါတယ်။ဒီစာစစ်ဌာနမှာက ကြီးကြပ်ရေးမှူးအပါအဝင် ဆရာ ဆရာမ ၂၃ ဦး တာဝန်ထမ်းဆောင်ပါတယ်။ စာမေးပွဲ ဖြေဆိုခန်းလေးခန်းထားရှိပြီး အတွဲ(၁)မှာ တစ်ခန်းကို ကျောင်းသား ကျောင်းသူ ၂၂ ဦးစီနဲ့ သုံးခန်းခွဲ ထားပါတယ်။
အတွဲ(၂)မှာတော့ ထူးထူးခြားခြား ဝိဇ္ဇာတွဲတစ်ယောက်ပါလို့ သိပ္ပံတွဲ၊ ဘောဂတွဲနဲ့ ပေါင်းပြီး ၂၆ ဦးကို တစ်ခန်းထားပါတယ်။ အရန် ဖြေဆိုခန်းတစ်ခန်းလည်း ထားရှိပါတယ်။ စာမေးပွဲ ဖြေဆိုကြတဲ့ ကျောင်းသား ကျောင်းသူတွေ စာမေးပွဲ ဖြေဆိုနေစဉ်အတွင်း ကျန်းမာရေး တစ်စုံတစ်ရာ ချို့ယွင်းချက်ရှိခဲ့ရင် ကူညီဖို့ Grade-11 ကျောင်းသား ကျောင်းသူတွေကို ရွေးချယ်ထားပါတယ်၊၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ဆေးခန်းတစ်ခန်းလည်း ထားရှိပါတယ်” ဟု အခြေခံပညာအထက်တန်းကျောင်း အထက(ခွဲ) အလက(၃) စာစစ်ဌာနတွင် ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်နေသည့် ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက ပြောသည်၊၊
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိ မြို့နယ်ရှိ စာစစ်ဌာနနှစ်ခု၊ လယ်ဝေးမြို့နယ်ရှိ စာစစ်ဌာန ၁၁ ခု၊ ဇမ္ဗူသီရိမြို့နယ်ရှိ စာစစ်ဌာန ခြောက်ခု၊ ပျဉ်းမနားမြို့နယ်ရှိ စာစစ်ဌာနငါးခု၊ ပုဗ္ဗသီရိ မြို့နယ်ရှိ စာစစ်ဌာနငါးခု၊ ဇေယျာသီရိမြို့နယ်ရှိ စာစစ်ဌာနငါးခု၊ ဥတ္တရသီရိမြို့နယ်ရှိ စာစစ်ဌာနခုနစ်ခု၊ တပ်ကုန်းမြို့နယ်ရှိ စာစစ်ဌာနရှစ်ခုတို့တွင် ကျောင်းသား ၆၂၂၉ ဦး၊ ကျောင်းသူ ၇၉၀၂ ဦး စုစုပေါင်း ၁၄၁၃၁ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်နေသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားဆွေ က “ကျောင်းသား ကျောင်းသူတွေအဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ဖို့ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေ စနစ်တကျ ဆောင်ရွက်ရပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လုံခြုံရေးအပိုင်းကိုလည်း တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ ကျွန်မတို့ စာစစ်ဌာနမှာ ဖြေဆိုသူ ၃၄၅ ဦးဝင်ရောက်ဖြေဆိုမှာ ဖြစ်ပါတယ်။ အခန်းတစ်ခန်းကို အယောက် ၃၀ နဲ့ ဖြေဆိုဖို့ သတ်မှတ်ထားပါတယ်။ ကျောင်းသား ကျောင်းသူတွေအားလုံး အဆင်ပြေချောမွေ့စွာ ဖြေဆို နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟုပြောသည်။
ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆို နေစဉ်ကာလအတွင်း အေးချမ်းစွာဖြေဆိုနိုင်ရေး အတွက် မြို့နယ်များအလိုက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စနစ်တကျ စီမံဆောင်ရွက်ထားကြောင်း သိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ် ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ကျော်စွာ၊ ဓာတ်ပုံ - အောင်မင်းသန်း


