နေပြည်တော် မတ် ၁၇
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများကို မတ် ၁၁ ရက်မှ စတင်ကျင်းပခဲ့ရာ ယနေ့စာမေးပွဲ ဖြေဆိုမှု ဆဋ္ဌမနေ့တွင် သက်ဆိုင်ရာ ဘာသာရပ်များဖြစ်သည့် ဇီဝဗေဒ ဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်၊ စက်မှုအတတ်ပညာတွင် (လက်သမား အတတ်ပညာနှင့် သစ်သားလုပ်ငန်း ဘာသာရပ်၊ စက်မှုလုပ်ငန်း သုံးလျှပ်စစ်မော်တာ ထိန်းချုပ်မှုဘာသာရပ်၊ စက်ခုတ် စားမှုနည်းပညာ ဘာသာရပ်)၊ စိုက်ပျိုးရေး အတတ်ပညာတွင် (လူမှုရေးသိပ္ပံ ဘာသာရပ်)နှင့် မွေးမြူရေး အတတ်ပညာတွင် (စားမြုံ့ပြန်သတ္တဝါ မွေးမြူ ထုတ်လုပ်ရေးဘာသာရပ်) များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများက စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုကြရာတွင် ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဒဘာသာ ရပ်တို့ကို နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ် ဌာနအပါအဝင် စာစစ်ဌာန စုစုပေါင်း ၈၈၇ ခု၌ ဝင်ရောက် ဖြေဆိုသူစုစုပေါင်း ၂၅၄၆၂၄ ဦး (၉၄ ဒသမ ၇၄ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ စက်မှုအတတ်ပညာတွင် (လက်သမားအတတ်ပညာနှင့် သစ်သားလုပ်ငန်းဘာသာရပ်၊ စက်မှုလုပ်ငန်းသုံး လျှပ်စစ်မော်တာ ထိန်းချုပ်မှုဘာသာရပ်၊ စက်ခုတ်စားမှုနည်းပညာဘာသာ ရပ်)၊ စိုက်ပျိုးရေးအတတ်ပညာတွင် (လူမှုရေးသိပ္ပံဘာသာရပ်)နှင့် မွေးမြူရေးအတတ်ပညာတွင် (စားမြုံ့ပြန်သတ္တဝါမွေးမြူ ထုတ်လုပ်ရေးဘာသာရပ်) တို့ကို စာစစ်ဌာန ၅၃ ခု၌ ဖြေဆိုသူ စုစုပေါင်း ၃၃၆၄ ဦး (၉၉ ဒသမ ၃၅ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း ဖြေဆိုခဲ့ကြကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။
ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
၁။ ယခုဖြေဆိုနေတဲ့ တက္ကသိုလ် ဝင်တန်းစာမေးပွဲကို ကလေးတွေအနေနဲ့ အေးချမ်းစွာဖြေဆိုနိုင်ခဲ့ ကြပါတယ်။ အခုလို ဖြေဆိုနိုင်ဖို့အတွက် ကလေးတွေအနေနဲ့လည်း သင်ယူထားတဲ့ လေ့ကျင့်ခန်းတွေကို ကောင်းမွန်စွာ ကျက်မှတ်လေ့ကျင့်ခဲ့ကြပါတယ်။ အခုလို စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ဖို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများ တာဝန်ရှိကြီးကြပ်ရေးမှူး ဆရာမ ကြီးနှင့်တကွ လက်ထောက် ကြီးကြပ်ရေးမှူး ဆရာ ဆရာမများအနေနဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြပါတယ်။ ကလေးတွေဖြေဆိုဖို့အတွက် သက်ဆိုင်ရာ ဘာသာရပ် ဆရာ ဆရာမများဘက်ကလည်း ကလေးတွေအတွက် အချိန်ပိုတွေ ခေါ်ယူ သင်ကြားပေးတာတွေ၊ မေးခွန်းဟောင်းတွေ လေ့ကျင့်ပေးတာတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ ကလေးတွေအနေနဲ့ လည်း အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြပါ တယ်။ ဒီကျောင်းကြီးမှာ အနာဂတ်မှာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကဏ္ဍတွေမှာ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားလူငယ်တွေ ပေါ်ထွန်း လာဖို့အတွက် ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။
၂။ ကလေး အပေါ်မှာတော့ မူတည်တာပေါ့။ ကလေးက အမှတ်ကောင်းလာရင်တော့ ကျွန်တော်ကတော့ ကျွန်တော့် ရည်မှန်းချက် အောင်မြင်ပြီလို့ တွက်ပါတယ်။ ကျောင်းသား တွေလည်း အများကြီး ကြိုးစားကြပါ။ G 12 စာမေးပွဲကို နှစ်ချင်း ပေါက်အောင်မြင်အောင်ကြိုးစား ကြပါလို့ ကျွန်တော်က ပြောချင်ပါတယ်။
၃။ Bio တွဲနဲ့ဖြေတာပါ။ ကျေနပ်အားရမှု အရှိဆုံးကတော့ သင်္ချာရယ်၊ ရူပဗေဒရယ်ကတော့ ကျေနပ်အားရမှုရှိပါတယ်။ ဖြစ်ချင်တာက ဆရာဝန်ပါ။ ဒါပေမဲ့လည်း အမှတ်စာရင်းကြည့်ပြီးမှ ရတဲ့အမှတ်ကို အောင်မြင်အောင် လုပ်ရမှာပါ။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲများကို မတ် ၁၁ ရက်မှ စတင်၍ ကျင်းပခဲ့ရာ ယနေ့တွင် စာမေးပွဲဖြေဆိုမှု နောက်ဆုံးရက်အဖြစ် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပြီးဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများကို မတ် ၁၈ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


