ရန်ကုန် ဇူလိုင် ၁၉
၂၀၂၇ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်ခဲ့ရာ မြန်မာအသင်း အုပ်စုချောင်ခဲ့သည်။
ခြေစစ်ပွဲကို အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်း ၃၀ ပါဝင်ယှဉ်ပြိုင် မည်ဖြစ်သည်။ ခြေစစ်ပွဲ ကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံး တစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ ခြေစစ်ပွဲ အုပ်စုမဲခွဲမှုအရ အုပ်စု(A)တွင် တောင်ကိုရီးယား၊ ဂျော်ဒန်၊ တာဂျစ်ကစ္စတန်၊ ယူအေအီး၊ အုပ်စု(B)တွင် အင်ဒိုနီးရှား၊ စင်ကာပူ၊ ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ အုပ်စု(C)တွင် တရုတ်(တိုင်ပေ)၊ အီရန်၊ လာအို၊ ကမ္ဘောဒီးယား၊ အုပ်စု (D)တွင် ဗီယက်နမ်၊ ကာဂျစ္စတန်၊ မြောက်မာရီယာနာကျွန်းစု၊ ပါလက် စတိုင်း၊ အုပ်စု(E)တွင် အိန္ဒိယ၊ မလေးရှား၊ ဆီးရီးယား၊ အီရတ်၊ အုပ်စု(F)တွင် ထိုင်း၊ လက်ဘနွန်၊ မကာအို၊ ဘူတန်၊ အုပ်စု(G)တွင် မြန်မာ၊ ဟောင်ကောင်၊ ဂူအမ်၊ အုပ်စု(H)တွင် ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ပါဝင်နေသည်။
မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုက ကိုင်တွယ်နေပြီး ကစားသမားများ အတွေ့အကြုံရစေရန် Young Lionesses အသင်းအမည်ဖြင့် ပြည်တွင်း မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်နေသည်။
သတင်း-မောင်စံကြီး
ဓာတ်ပုံ-MWL


