၂၀၂၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက ဆီဟန်နောဗီလီဆိပ်ကမ်းအား အဓိကကုန်ဆိပ်ကမ်းအဖြစ် အဆင့်မြှင့်တင်ပြောင်းလဲမည်

 

ဖနောင်ပင်၊ မေ ၁

ကမ္ဘောဒီးယားနိုင်ငံ ဆီဟန်နောဗီလီဆိပ်ကမ်း၌ ကုန်ဆိပ်ကမ်းတစ်ခုကို ယနေ့စတင်တိုးချဲ့ တည်ဆောက်ခဲ့သည်။  အဆိုပါဆိပ်ကမ်းအား ၂၀၂၉ ခုနှစ်၌ နိုင်ငံ၏ အဓိကကုန်ဆိပ်ကမ်းအဖြစ် အဆင့်မြှင့်တင်ပြောင်းလဲရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး

 

နိုင်ငံအတွင်းရှိ ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခြင်းသည် နိုင်ငံ၏စီးပွားရေးနှင့် နိုင်ငံတကာ ကုန်သွယ်မှုကို မြှင့်တင်ရေးအတွက်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က အဆိုပါ ဆိပ်ကမ်း တည်ဆောက်ရေးအတွက် အုတ်မြစ်ချသည့်အခမ်းအနားတွင် ပြောကြားသည်။ ယခုကဲ့သို့ ဆိပ်ကမ်းများ တိုးချဲ့တည်ဆောက်ခြင်းဖြင့် နိုင်ငံတကာမှ ကုန်သင်္ဘောကြီးများ လွယ်ကူစွာ ဝင်ထွက် သွားလာနိုင်ပြီး နိုင်ငံအတွင်းစီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ များပြားလာကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုကြောင်း ၎င်းကပြောကြားသည်။

 

 ယခုစတင်ဆောက်လုပ်သည့် ကုန်ဆိပ်ကမ်းကို အပိုင်းသုံးပိုင်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဆန်ချန်သောက ပြောကြားသည်။

 

တည်ဆောက်ရေးလုပ်ငန်း၏ ပထမပိုင်းတွင် အလျားမီတာ ၃၅၀ ရှိ၍ အနက် ၁၄ ဒသမ ၅ မီတာ ရှိသည့် ကုန်တင်ဆိပ်ကမ်းကို တည်ဆောက်သွားမည် ဖြစ်ကာ ကုန်ကျစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂၇၅ သန်း ရှိမည်ဖြစ်၍ ၂၀၂၆ ခုနှစ်တွင် လုပ်ငန်းပြီးစီး မည်ဟု ခန့်မှန်းထားသည်။

 

တည်ဆောက်ရေးလုပ်ငန်း၏ ဒုတိယပိုင်းသည် ၂၀၂၈ ခုနှစ်၌ လုပ်ငန်းပြီးစီးမည်ဖြစ်ကာ တတိယပိုင်း သည် ၂၀၂၉ ခုနှစ်တွင် အသီးသီးလုပ်ငန်းပြီးစီးမည်ဖြစ်၍ ကုန်ကျစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၆၉၈ သန်းရှိမည်ဟု ခန့်မှန်းထားသည်။ ဆီဟန်နော ဗီလီဆိပ်ကမ်းမှ ယမန်နှစ်တွင်ဝင်ငွေ အမေရိကန် ဒေါ်လာ ၈၆ သန်း ရရှိခဲ့သည်။

 

ယခုကဲ့သို့ ဆီဟန်နောဗီလီဆိပ်ကမ်းအား အဆင့်မြှင့်တင်တည်ဆောက်ခြင်းဖြင့် ကမ္ဘောဒီးယား နိုင်ငံမှ ကုန်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် မြန်ဆန်စွာတင်ပို့နိုင်မည်ဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများနှင့် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ဟွန်ဆန်က ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ၊ ခမာတိုင်းစ်

ဘာသာပြန်-စိုးသူရ