(၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ အကြိုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်၊ ဒီဇင်ဘာ ၇

 

(၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းဆေးသမားတော်များ ညီလာခံကို ဒီဇင်ဘာ ၈ ရက်တွင် လည်းကောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၉ ရက်တွင် လည်းကောင်း၊ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပမည် ဖြစ်ပြီး ညီလာခံအကြိုညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ သဘာပတိအဖြစ် တိုင်းရင်းဆေးပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ၊ ဦးစိုးဝင်းနှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဦး တို့က ဆောင်ရွက်ကြသည်။

 

အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ညီလာခံတွင်တင်သွင်းမည့် အဆိုပြုချက်ငါးခုနှင့် ပတ်သက်၍ ညီလာခံ ကိုယ်စားလှယ်များအား အဖွဲ့ငယ်များဖွဲ့စည်းပြီး အဖွဲ့အလိုက်ပါဝင်သင့်သော ပညာရှင်ကြီးများနှင့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများကို ရွေးချယ်၍ အုပ်စုငါးစုခွဲကာ အဆိုပြုချက် တစ်ခုချင်းစီအတွက် အုပ်စုအလိုက် ဆွေးနွေးကြကာ တင်ပြဆွေးနွေးမည့် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ညီလာခံကိုယ်စားလှယ်တော် (၂၇၈) ဦးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ရှိ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးကို သွားရောက်ဖူးမြှော်ကြည်ညိုကြပြီး (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျင်းပသည့် (၂၁) ကြိမ်မြောက် မြန်မာ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးမှ တိုင်းရင်းဆေးပညာရှင်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းဆေး မိသားစုများအနေဖြင့် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးတွင် မြန်မာမှုတစ်ဖက်လှခြံစည်းရိုး သုံးခန်းနှင့် စိန်တောင်စကျင်ကနုတ်ပန်း တစ်ခုအတွက် အလှူတော်ငွေ ကျပ်သိန်းတစ်ရာကို လှူဒါန်းခဲ့သည်။

 

mdn

 

ဆက်လက်၍ ကိုယ်စားလှယ်တော်ကြီးများနှင့် တာဝန်ရှိသူများသည် အမျိုးသားပရဆေး ဥယျာဉ်သို့ လေ့လာရေးခရီးစဉ်အဖြစ် ရောက်ရှိရာ ဥယျာဉ်တာဝန်ခံက ရှာပါးတိုင်းရင်းဆေးပင်မျိုးစိတ်များ၏ မျိုးရင်းများကို ထိန်းသိမ်းထားရှိပုံနှင့် ပရဆေးပင်များ စိုက်ပျိုးထိန်းသိမ်းထားရှိခြင်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ကိုယ်စားလှယ်တော်ကြီးများက အမျိုးသားပရဆေး ဥယျာဉ်အတွင်းလှည့်လည် လေ့လာကြည့်ရှုခဲ့ကြသည်။

 

ထို့နောက်ကိုယ်စားလှယ်တော်ကြီးများနှင့် တာဝန်ရှိသူများသည် ဥပ္ပါတသန္တိ စေတီတော်ကြီးအား သွားရောက်ဖူးမြှော်ကြည်ညို၍ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ခြင်းပြီးနောက် ရဌနန္နက ရတနာဆင်ဖြူတော် အပါအဝင် ဆင်ဖြူတော်များနှင့် အဖော်ဆင်များထံ သွားရောက်၍ အစာအာဟာရ ကျွေးမွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်