၂၁ ရာစု ကူးစက်ရောဂါများအကြောင်း တစေ့တစောင်း

ထွန်းသစ်စ

 

ဒီနေ့ကမ္ဘာမှာ ကြောက်စရာကောင်းအောင်ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် မပေါ်ပေါက်ခင် အခြားကူးစက်ရောဂါတွေဟာ ၂၁ ရာစုအစောပိုင်းက ဖြစ်ပွားခဲ့ပါသေးတယ်။ အရင်ရာစုတွေက ဖြစ်ပွားခဲ့တဲ့ ကူးစက်ရောဂါကြောင့် သေဆုံးခဲ့တဲ့သူ အရေအတွက်ဟာလည်း များပြားခဲ့ပါတယ်။ ထို့အတူ ယနေ့ခေတ် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် သေဆုံးခဲ့သူအရေအတွက်ဟာလည်း အခုဆိုရင် ၃၇၃၉၈၀ ထိတောင် ရှိလာခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံတွေဟာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးက ရုန်းထွက်ဖို့ ကြိုးစားနေကြသလို အစိုးရတွေအနေနဲ့လည်း စီးပွားရေးတွေ ပြန်လည်ထူထောင်မှုတွေ လုပ်ဆောင်နေကြပါပြီ။

 

၂၁ ရာစုမတိုင်မီ ကူးစက်ရောဂါများ

 

စပိန်တုပ်ကွေး

 

၁၉၁၈-၁၉၁၉ မှာ စပိန်တုပ်ကွေးဖြစ်ခဲ့ပါတယ်။ ပထမကမ္ဘာစစ် ဖြစ်ပွားနေတဲ့အချိန်မှာ စပိန်တုပ်ကွေးဖြစ်ခဲ့တာကြောင့် ကမ္ဘာ့လူဦးရေအများကြီး ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။ စပိန်တုပ်ကွေး ရောဂါကြောင့် လူပေါင်း သန်း ၅၀ လောက်သေဆုံးခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေးဌာနက ပြောခဲ့ပါတယ်။

 

ဒီရောဂါဟာ ၁၉၁၈ ခုနှစ် ဧပြီမှစပြီး ၁၉၁၉ ဧပြီလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့အတွက် အလွန် တိုတောင်းတဲ့ ကာလအတွင်းမှာ လူသေဆုံးမှု အများဆုံးဖြစ်ပွားခဲ့တဲ့ ရောဂါအဖြစ် သမိုင်းမှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

 

ပထမကမ္ဘာစစ်မှာ သေဆုံးတဲ့လူအရေအတွက်ထက် ရောဂါဖြစ်လို့သေဆုံးတဲ့ လူအရေအတွက်က ငါးဆလောက် ပိုလို့တောင် များနေပါသေးတယ်။ ပထမဆုံးရောဂါတွေ့ရှိခဲ့တာကတော့ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ ဥရောပနဲ့ ကမ္ဘာတစ်ဝန်းလုံးကို ပျံ့နှံ့ခဲ့တာပါ။

 

ဟောင်ကောင်တုပ်ကွေး

 

၁၉၆၈-၁၉၇၀မှာ ဟောင်ကောင်တုပ်ကွေး ဖြစ်ခဲ့ပါတယ်။ လူတစ်သန်းလောက် ဒီရောဂါနဲ့ သေဆုံးခဲ့တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ပြောကြားခဲ့ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ၁၉၆၈ နှစ်လယ်လောက်နဲ့ ၁၉၇၀ အစောပိုင်းကာလတွေမှာ ဖြစ်ပွားခဲ့ပါတယ်။

 

အဲဒီရောဂါကြောင့် ကလေးတွေအတော် များများ သေဆုံးခဲ့ပါတယ်။ အဲဒီရောဂါဟာ ဟောင်ကောင်မှာ ပထမဆုံးစတင်ဖြစ်ပွားခဲ့ပြီး အာရှကိုကျော်ပြီး အမေရိကန်ပြည်ထောင်စုမှာ ၁၉၆၈ ခုနှစ်နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ထို့နောက်မှာတော့ ၁၉၆၉ ခုနှစ် နှောင်းပိုင်းမှာ ဥရောပကိုပါ ကူးစက်ခဲ့ပါတယ်။

 

ကူးစက်ရောဂါကျွမ်းကျင်သူတွေကတော့ အဲဒီတုပ်ကွေးဟာ သမိုင်းဝင်တုပ်ကွေးဖြစ်တယ်လို့ တင်စားခဲ့ပါတယ်။ အဲဒီတုပ်ကွေးဟာ လေထဲမှာ အမြန်ဆုံးနှုန်းနဲ့ သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

 

အာရှတုပ်ကွေး

 

၁၉၅၇-၁၉၅၈ မှာ အာရှတုပ်ကွေးဖြစ်ခဲ့ပါတယ်။ အဲဒီတုပ်ကွေးကြောင့် အာရှမှာ လူပေါင်း ၁ ဒသမ ၁ သန်းလောက် သေဆုံးခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။ ပထမဖြစ်ပွားမှုဟာ တရုတ်နိုင်ငံ တောင်ပိုင်းမှာ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီမှာ စတင်ခဲ့ပါတယ်။ လပေါင်းများစွာကြာခဲ့ပါတယ်။ ထို့နောက်မှာတော့ အမေရိကနဲ့ ဥရောပအထိ ရောက်ရှိခဲ့ပါတယ်။ ဒီရောဂါဟာ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အလွန်အမင်း ရှုပ်ထွေးစေခဲ့ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေ အဖြစ်များခဲ့ပါတယ်။

 

၂၁ ရာစုကူးစက်ရောဂါများ

 

ဆားစ်ရောဂါ

 

၂၀၀၂-၂၀၀၃ ဆားစ်ရောဂါဖြစ်ပွားခဲ့ပါတယ်။ ဆားစ်ရောဂါကို ပထမဆုံး တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်မှာ ၂၀၀၂ ခုနှစ် နိုဝင်ဘာလမှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ ၂၀၀၃ ခုနှစ် နှစ်လယ်လောက်မှာ အဲဒီရောဂါဟာ တကယ့်ကြောက်စရာကောင်းအောင် ပျံ့နှံ့ခဲ့ပြီးတော့ ကျန်းမာရေး အကျပ်အတည်း တစ်ခုလို ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အာရှမှာ အဲဒီရောဂါကြောင့် ပရိဒေဝမီးတွေ တောက်လောင်ခဲ့ပါတယ်။

 

အဲဒီရောဂါကြောင့် လူဦးရေစုစုပေါင်း ၇၇၄ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီထဲက ငါးပုံပုံ လေးပုံလောက်ဟာ တရုတ်နိုင်ငံနဲ့ ဟောင်ကောင်တို့မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီရောဂါဟာ လင်းနို့ကနေပြီး လူကိုကူးစက်ခဲ့တာဖြစ်ပါတယ်။ အဲဒီရောဂါဟာ နိုင်ငံပေါင်း ၃၀ နီးပါး ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီရောဂါကြောင့် သေဆုံးတဲ့နှုန်းဟာ ၉ ဒသမ ၅ ရာခိုင်နှုန်းလောက်အထိ ရှိခဲ့ပါတယ်။

 

ငှက်တုပ်ကွေး

 

၂၀၀၃-၂၀၀၄မှာ ငှက်တုပ်ကွေး ဖြစ်ခဲ့ပါတယ်။ အဲဒီတုပ်ကွေးကို အိတ်ချ် ဖိုက် အင်န်ဝမ်း လို့ခေါ်ခဲ့ပါတယ်။ အဲဒီ ငှက်တုပ်ကွေးကြောင့် အထူးသဖြင့် အရှေ့တောင်အာရှမှာ လူပေါင်း ၄၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ အဲဒီ ငှက်တုပ်ကွေးဟာ လူသားတွေကို မကူးစက်မီ ပထမဆုံး ဟောင်ကောင်မွေးမြူရေးခြံတွေက စတင်ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဲဒါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ သို့သော်လည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

ဝက်တုပ်ကွေး

 

၂၀၀၉-၂၀၁၀မှာ ဝက်တုပ်ကွေးဖြစ်ခဲ့ပါတယ်။ ဝက်တုပ်ကွေးကြောင့် လူပေါင်း ၁၈၅၀၀ ခန့် သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ အဆိုပါဝက်တုပ်ကွေး ရောဂါကို မက္ကဆီကိုနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ၂၀၀၉ ခုနှစ်က ပထမဆုံးတွေ့ရှိခဲ့ပါတယ်။ သို့သော်လည်း လန်ဆက်ဆေးဘက်ဆိုင်ရာ စစ်တမ်းမှာတော့ ဝက်တုပ်ကွေး သို့မဟုတ် အိတ်ချ်ဝမ်းအင်န်ဝမ်းကြောင့် သေဆုံးသူဟာ  ၁၅၁၇၀၀ ကနေ ၅၇၅၄၀၀ အထိရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ တုပ်ကွေးဆိုင်ရာသတိပေးမှုတွေကို ၂၀၀၉ ခုနှစ်ဇွန်လ ၁၁ ရက်မှာ ပြုလုပ်ခဲ့ ပြီးတော့ ၂၀၁၀ ဩဂုတ်လ ၁၀ ရက်မှာ ရုပ်သိမ်းခဲ့ပါတယ်။ ကာကွယ်ဆေးဝါးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။

 

အီဘိုလာ

 

၂၀၁၃-၂၀၁၆ မှာ အီဘိုလာရောဂါပျံ့နှံ့ ဖြစ်ပွားခဲ့ပါတယ်။ ပြင်းထန်အီဘိုလာ ကူးစက်ရောဂါဟာ အနောက်အာဖရိကမှာ ၂၀၁၃ခုနှစ် ဒီဇင်ဘာမှာဖြစ်ပွားခဲ့ပြီး နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။ အီဘိုလာကူးစက်ရောဂါကြောင့် ဂူနီယာ၊ လိုက်ဘေးရီးယားနဲ့ ဆီရီယာလီယွန်နိုင်ငံတွေမှာ လူပေါင်း ၁၁၃၀၀ သေဆုံးခဲ့ပါတယ်။

 

အီဘိုလာရောဂါကို ၁၉၇၆ ခုနှစ်က ပထမဆုံး ဖော်ထုတ်ခဲ့ပါတယ်။ အီဘိုလာရောဂါဟာ အခြား ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ရောဂါတွေထက်စာရင် ကူးစက်မှုနှုန်းနည်းခဲ့တယ်လို့ ဆိုရမှာပါ။ သို့သော်လည်း လူပေါင်း ၄၀ ရာခိုင် နှုန်းလောက် သေဆုံးခဲ့ပါတယ်။

 

အီဘိုလာဗိုင်းရပ်စ်ကို ၂၀၁၈ ခုနှစ်မှာ ကွန်ဂိုဒီမိုကရက်တစ်ပြည်ထောင်စု အရှေ့ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အဲဒီမှာဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါကြောင့် လူပေါင်း ၂၀၀ သေဆုံးခဲ့ပါတယ်။

 

အေအိုင်ဒီအက်စ်

 

၁၉၈၁ ခုနှစ်ကနေ အခုအချိန်အထိ အိတ်စ် (အေအိုင်ဒီအက်စ်) ရောဂါဖြစ်ခဲ့ပါတယ်။ ယနေ့ အချိန်အထိ သေစေနိုင်တဲ့ ကူးစက်ရောဂါဖြစ်လျက်ရှိဆဲပါ။ ကမ္ဘာတစ်ဝန်းမှာ ဒီရောဂါကြောင့် လူပေါင်း ၃၂ သန်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။ လူပေါင်း ၂၄ ဒသမ ၅ သန်းဟာ ခုခံအား ကျဆင်းမှု ရောဂါတိုက်ဖျက်ရေးဆေးတွေ သုံးဆောင်နေရ ပါတယ်။

 

ကိုဗစ်-၁၉

 

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ၂၀၁၉ ဒီဇင် ဘာလလောက်မှာ စတင်လာတဲ့ ကိုဗစ်-၁၉ ဟာ အခုဆိုရင် ကမ္ဘာ့နိုင်ငံအများအပြား ကူးစက်ပျံ့နှံ့ခဲ့ပြီဖြစ်သလို ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ကူးစက်ခံရသူဦးရေဟာ ၆၂၆၈၁၄၆ ဦးဖြစ်ခဲ့ပြီး သေဆုံးသူဦးရေဟာလည်း သုံးသိန်းကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကို မတ် ၁၁ ရက်တွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပါတယ်။ ကိုဗစ်-၁၉ဟာ ကမ္ဘာ့နိုင်ငံနဲ့ နယ်နိမိတ် ပေါင်း ၂၁၃ ခုအထိ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။ ထို့အတူပဲ ဒီရောဂါကို တိုက်ဖျက်ဖို့အတွက် ကမ္ဘာ့အစိုးရများသာမက တရုတ်ဒေသတွင်း သန်းကြွယ်သူဌေးများနဲ့ နိုင်ငံတကာ သူဌေးများကလည်း ဝိုင်းဝန်းလုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ ။

 

ကိုးကား-အေအက်ဖ်ပီ