(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ (၂၉)ကြိမ်မြောက် မြန်မာ-ထိုင်းလူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာကိုယ် စားလှယ်အဖွဲ့ဝင်များနှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Sara Binyoh ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး က မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံများအကြား စံပြနမူနာကောင်းဖြစ်ခဲ့ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော အစည်းအဝေးသည် မြန်မာ-ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၏ အဓိကအပိုင်းတွင်ပါဝင်သော ကတိကဝတ်များကို အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လူကုန်ကူးခံရသူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၅၀၀)ခန့်နှင့်ညီမျှသော ပြန်လည်ထူထောင်ရေးထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများကို ဂေဟာတွင်လက်ခံ စောင့်ရှောက်ခြင်း၊ ပြင်ပအလုပ်အကိုင်များ ရှာဖွေပေးခြင်း၊ ထောက်ပံ့ငွေနှင့် လျော်ကြေးငွေများရရှိအောင် ကူညီဆောင်ရွက်ပေးခြင်းတို့အတွက် လူကုန်ကူးခံရ သူများကိုယ်စား မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအစိုးရကို အထူးပင်ကျေးဇူးတင်ရှိ ကြောင်း၊ မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်သောပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် MS. Sara Binyoh က လူကုန်ကူးမှုပြဿနာသည် လူသားများ၏အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာချိုးဖောက်စေသည့် ပြဿနာဖြစ်သည့်အတွက် ထိုင်းနိုင်ငံ အစိုးရအနေဖြင့် လူကုန်ကူးမှုပြဿနာ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီနိုင်မည့် နည်းလမ်းများနှင့် ဖြစ်ပေါ်လာသည့် လူကုန်ကူးမှုပြဿနားများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုပါ ကဏ္ဍအလိုက် ပြင်ဆင်မွမ်းမံဆောင်ရွက်လျက်ရှိသည့်အပြင် လူ ကုန်ကူးခြင်းခံရသူများကို ထိုင်းနိုင်ငံအစိုးအနေဖြင့် ဥပဒေ၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းနှင့်အညီ ကြည့်ရှုစောင့်ရှောက်ထားလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် (၂၉)ကြိမ်မြောက် မြန်မာ-ထိုင်းလူကုန်ကူးခံရသူများကို ပြန်လည်လက်ခံ ရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြီး အစည်းအဝေးဆုံးဖြတ်ချက် (၁၃)ချက်ကို အတည်ပြုနိုင်ခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညှိနှိုင်းအစည်းအဝေး အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်များကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်