(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည် ရောက်ရှိလာသည့် မြန်မာအားကစားသမားအဖွဲ့ ပထမအသုတ်အား ကြိုဆို

ရန်ကုန်၊ မေ ၁၆

၂၀၂၂ခုနှစ်၊ မေ (၁၂) ရက်မှ (၂၃) ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြား ဆက်စပ်မြို့များတွင် ကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့ ပထမအသုတ်သည် ယနေ့ညနေ (၅) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ မြို့တော်ဝန်၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိဘပြည်သူများက ဂုဏ်ပြုကြိုဆိုကြသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် ပြိုင်ပွဲအသီးသီး၌ ငွေတံဆိပ်ဆု ရရှိခဲ့ကြသည့် Kurash အားကစားနည်း (73Kg) ပြိုင်ပွဲဝင် ဖြိုးဆွေဇင်ကျော်၊ ဝူရှူးအားကစားနည်း  အမျိုးသမီး တစ်ဦးချင်း ချန်းဆုပြိုင်ပွဲဝင် စန္ဒီဦး ၊ ဆန်းဆို(60Kg) ပြိုင်ပွဲဝင် စုလှိုင်ဝင်း၊  ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားနည်းမှ (+80Kg) ပြိုင်ပွဲဝင် မင်းဇော်ဦး ၊ (+85Kg) ပြိုင်ပွဲဝင် ခင်မောင်ကျော် နှင့် ကြေးတံဆိပ်ဆု ရရှိခဲ့ကြသည့် Kurash အားကစားနည်း (48Kg) ပြိုင်ပွဲဝင် ခင်ခင်စု၊ (70Kg) ပြိုင်ပွဲဝင် စိုးမြင့်ထွန်း၊ ပီတန်းအားကစားနည်း Men Shooting ပြိုင်ပွဲဝင် ဝင်းသူရိန်ထွန်း၊ လှေလှော် အားကစားနည်း အနောက်တိုင်း လှေလှော်အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲဝင် ရွှေစင်လတ်၊ နီလာဝင်း၊ (အရံ) စန္ဒာရွှေ၊  အနောက်တိုင်း လှေလှော်အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲဝင် ရွှေစင်လတ် နှင့် နီလာဝင်း၊ (အရံ) အိဖြူ၊ အမျိုးသမီး (၄) တက်လှော် ပြိုင်ပွဲဝင် အိဖြူ၊ စန္ဒာရွှေ၊ ချစ်ဖူးငုံ နှင့် ဝင်းသူဇာသိန်း၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားနည်း (55Kg) ပြိုင်ပွဲဝင် ကျော်မင်းသန်း၊ ဝူရှူးအားကစားနည်း ဆန်းဆို (55Kg) ပြိုင်ပွဲဝင် ချယ်ရီသန်း၊ ဆန်းဆို (70Kg)ပြိုင်ပွဲဝင် မျိုးမင်းထက် တို့နှင့် အတူ E-Sports၊ ပြေးခုန်ပစ်၊ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ပြန်လည်လိုက်ပါလာကြောင်း သိရသည်။

နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး အစွမ်းကုန် ကြိုးစားနေကြသော ပြိုင်ပွဲဝင် အားကစားသမားများကို နိုင်ငံတော်မှ ဆုတံဆိပ်ရရှိသည်နှင့် တစ်ပြိုင်နက် ပြိုင်ပွဲကွင်း အတွင်း၌ပင် တစ်ဦးချင်းပြိုင်ပွဲ ရွှေတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၃၀၀၀၊ ငွေတံဆိပ် တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀၊ ကြေးတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀  နှုန်းဖြင့် လည်းကောင်း၊ အသင်းလိုက်ပြိုင်ပွဲများတွင်  ရွှေတံဆိပ်ဆုရရှိပါက တစ်ဦးချင်းစီ အမေရိကန် ဒေါ်လာ ၁၀၀၀၊ ငွေတံဆိပ်ဆုရရှိပါက တစ်ဦးချင်းစီ အမေရိကန်ဒေါ်လာ ၇၅၀၊ ကြေးတံဆိပ် ဆုရရှိပါက တစ်ဦးချင်းစီ အမေရိကန်ဒေါ်လာ ၅၀၀ နှုန်းဖြင့် ထပ်ဆောင်းချီးမြှင့်ကြောင်း သိရသည်။

သတင်းစဉ်