(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးမှ အမျိုးသမီး အားကစားသမား(၂)ဦးအား ဂုဏ်ပြုပွဲကျင်းပ

ထားဝယ် ဇွန် ၂၃

၂၀၂၂ ခုနှစ်၊ ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Sea Games) တွင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးမှ အမျိုးသမီး အားကစားသမား(၂)ဦးအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဂုဏ်ပြုအမှာစကားပြောကြားရာ၌ တိုင်းဒေသကြီးမှ အမျိုးသမီး အားကစားသမား (၂)ဦးသည် ၂၀၁၉ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် အားကစားသမားအဖြစ် ပထမဆုံးရွေးချယ်ခံရပြီး ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၀)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ဒုတိယ(ငွေ)တံဆိပ်နှင့် တတိယ(ကြေး)တံဆိပ်ကို စတင်ဆွတ်ခူးနိုင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဒုတိယ(ငွေ)တံဆိပ်နှင့် တတိယ(ကြေး)တံဆိပ်ကိုထပ်မံ ဆွတ်ခူးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်းမှ အမျိုးသမီး အားကစားသမားများအနေဖြင့် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်မှာ တိုင်းဒေသကြီးအတွက် များစွာဂုဏ်တက်စေသောကြောင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်သော် လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသော ပြည်သူလူထုများ၏ ကိုယ်စားသော်လည်းကောင်း များစွာ နှစ်ထောင်းအားရ ဖြစ်မိပါကြောင်းနှင့် ချီးကျူးဂုဏ်ပြုပါကြောင်း၊ နောင်လာမည့် အားကစားသမားများအနေဖြင့် ကြိုးပမ်းအားထုတ် လေ့ကျင့်မှု၊ စည်းကမ်းလိုက်နာမှု၊ အနိုင်မခံအရှုံးမပေးသော စိတ်ဓါတ်များနှင့် ပေါင်းစပ်ပြီး ဒီထက်မက ပိုမိုအောင်မြင်ရေးအတွက် အလေးအနက်ထား ဆက်လက်ကြိုးပမ်းသွာရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းက မြန်မာ့လက်ရွေးစင် အားကစားမောင်/ မယ်များအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ယခုထက်မက ပိုမိုအောင်မြင်မှုရရှိအောင် မလျှော့သော ဇွဲ၊ လုံလ၊ အားမာန်၊ စိတ်ဓာတ်များဖြင့် ရေကုန်ရေခန်းပြိုင်ပွဲဝင်နိုင်ရေး ယခုကတည်းက အားထုတ်ကြိုးပမ်း ပြင်ဆင်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဂျူဒိုအားကစားပြိုင်တွင် ဒုတိယ(ငွေ) တံဆိပ်ဆွတ်ခူးရရှိသော သရက်ချောင်းမြို့နယ်မှ မခြူးမြတ်နိုးဝေအား ဂုဏ်ပြုဆုငွေကျပ် (၁၅)သိန်းအားလည်းကောင်း၊ လက်ဝှေ့ပြိုင်ပွဲတွင် တတိယ(ကြေး) တံဆိပ်ဆွတ်ခူးရရှိသော ပုလောမြို့နယ်မှ မအေးငြိမ်းထူးအား ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်းအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ဂျူဒိုအားကစားသမား မခြူးမြတ်နိုးဝေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)