(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက  အားကစားနည်း ၂၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်   ဧပြီ   ၂၉

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၂၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 အားကစားနည်း ၄၀ ထည့်သွင်းကျင်းပမည်

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားရသည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေ ၁၂ ရက်မှ ၂၃ ရက်အထိ ပြန်လည်ကျင်းပမည်ဖြစ်ပြီး အားကစားနည်း ၄၀ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၂၀ တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ပြေးခုန်ပစ်၊ မြားပစ်၊ လက်ဝှေ့၊ ဘိလိယက်၊ ဘောလုံး ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဝူရှူး၊ ဘော်လီဘော၊ ဂျူဒို၊  တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ အလေးမ၊ သေနတ်ပစ်၊ လှေလှော် (အပြည်ပြည်ဆိုင်ရာလှေ၊ ကနူးကယက်)၊ ပီတန်း၊ ဂေါက်သီး၊ စစ်တုရင်၊ ကာယဗလ၊ Esports နှင့် Kurash အားကစားနည်းတို့တွင် ယှဉ်ပြိုင်မည်ဖြစ်  သည်။

မြန်မာနိုင်ငံအနေဖြင့် ယခင်က အားကစားနည်း ၁၈ မျိုးတွင်သာ ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း Esports နှင့် Kurash အားကစားနည်းများ ထပ်တိုးခဲ့ခြင်းဖြစ်သည်။ မြန်မာအားကစားအဖွဲ့ အများစုသည် လာမည့်ဆီးဂိမ်းပြိုင်ပွဲအတွက် ပြီးခဲ့သည့်နှစ်ကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ပြီး အားကစားအဖွဲ့ ခြောက်ခုမှာမူ ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံ၌ သွားရောက်လေ့ကျင့်ခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းမှာ တောင်ကိုရီးယားနိုင်ငံ၌လည်းကောင်း၊ မြန်မာ အမျိုးသားဘောလုံးအသင်းမှာ ယူအေအီးနိုင်ငံ၌လည်းကောင်း လက်ရှိသွားရောက်လေ့ကျင့်လျက်ရှိပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိသည်။ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းမှာမူ မတ် ၁၀ ရက်မှ ဧပြီ ၁၂ ရက်အထိ ထိုင်းနိုင်ငံ၌ နေထိုင်လေ့ကျင့်ပြီး ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲနှင့် အာဆီယံ ဖူဆယ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့သလို မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းမှာမူ ဧပြီ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပသည့် ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်ပြီးနောက် ထိုင်းနိုင်ငံ၌ ဆက်လက် လေ့ကျင့်လျက်ရှိသည်။

(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်စုစုပေါင်း ၅၂၆ ခု ချီးမြှင့်မည်ဖြစ်ပြီး အားကစားနည်း အချို့ကို မေ ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

ကိုညီလေး