(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာပိုက်ကျော်ခြင်းအသင်း ကစားသမား ၂၀ ဖြင့် လေ့ကျင့်ပြင်ဆင်နေ

နေပြည်တော်   မတ်   ၂၈

လာမည့်မေလတွင် ဗီယက်နမ် နိုင်ငံ၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာပိုက်ကျော်ခြင်းအသင်းသည် ကစားသမား ၂၀ ဖြင့် စခန်း ဝင်လေ့ကျင့်လျက်ရှိသည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်းကစားသမား အင်အား ၂၀ ဖြင့် နေပြည်တော်၌ စခန်းဝင် လေ့ကျင့်နေခြင်းဖြစ် သည်။ မြန်မာပိုက်ကျော်ခြင်းအသင်းတွင် ယခင်လက်ရွေးစင် ကစားသမားများအပြင် လူသစ် ကစားသမား အချို့လည်း ထပ်မံပါဝင်လာသည်။ ဆီးဂိမ်း ပိုက်ကျော်ခြင်း အားကစားနည်းတွင် ပြိုင်ပွဲအမျိုးအစား ရှစ်မျိုး ပါဝင်မည်ဖြစ်ပြီး အမျိုးသားပြိုင်ပွဲများအဖြစ် နှစ်ယောက်တွဲ ပြိုင်ပွဲ၊ သုံးယောက်တွဲပြိုင်ပွဲ၊ သုံးယောက်တွဲအသင်းလိုက် ပြိုင်ပွဲ၊ လေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲများအဖြစ် နှစ်ယောက်တွဲ ပြိုင်ပွဲ၊ သုံးယောက်တွဲပြိုင်ပွဲ၊ သုံးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲနှင့် လေးယောက်တွဲပြိုင်ပွဲတို့ ပါဝင် မည်ဖြစ်သည်။

ပြိုင်ပွဲစည်းမျဉ်းအရ ပြိုင်ပွဲဝင်နိုင်ငံတစ်နိုင်ငံလျှင် အမျိုးသားပြိုင်ပွဲ သုံးမျိုးနှင့် အမျိုးသမီးပြိုင်ပွဲ သုံးမျိုးသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ရာ မြန်မာပိုက်ကျော်ခြင်းအသင်းအနေဖြင့် အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား သုံးယောက်တွဲပြိုင်ပွဲ၊ အမျိုးသား လေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ တို့တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး သုံးယောက်တွဲအသင်းလိုက် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် လေးယောက်တွဲပြိုင်ပွဲကို ၂၀၁၇ မလေးရှား ဆီးဂိမ်းပြိုင်ပွဲတွင် စတင်ထည့်သွင်း ကျင်းပခဲ့ပြီး (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ထပ်မံပါဝင်လာခြင်း ဖြစ်သည်။ မြန်မာပိုက်ကျော်ခြင်း အသင်းသည် နောက်ဆုံး ကျင်းပသည့် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် ငွေတစ်ခု၊ ကြေးနှစ်ခု ရရှိခဲ့သည်။

ရဲရင့်လွင်