(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ် မီးရှူးတိုင်သယ်ယူခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ဧပြီ ၂၁

 

ကမ္ဘောဒီးယားနိုင်ငံတွင်  မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့်  ဇွန် ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူခြင်း အခမ်းအနားကို ယနေ့ နံနက်(၇)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ်ရိပ်သာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံး၌ ကျင်းပသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. CHUM Angvichet၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကမ္ဘောဒီးယားနိုင်ငံ  အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊  မီးရှူးတိုင်လက်ဆင့်ကမ်း သယ်ယူရေးအစီအစဉ်အတွက် အထူးဖိတ်ကြားထားသော တီမောလက်စတေနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ အားကစားသမားများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများအပါအဝင် စုစုပေါင်းအင်အား (၁၈၀၀)ခန့် တက်ရောက်ကြသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. CHUM Angvichet နှင့် မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတို့က အမှတ်တရစကား ပြောကြားကြသည်။

 

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခြင်းနှင့် ပြိုင်ပွဲဝင်နိုင်ငံများအပေါ် အိမ်ရှင်နိုင်ငံ၏ ဧည့်ဝတ်ကျေပွန်မှုနှင့် စီစဉ်ဆောင်ရွက် ထားရှိမှုများအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသည် အရှေ့တောင်အာရှ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်မှုမြှင့်တင်ရေးကို  အပြည့် အဝကိုယ်စားပြုမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ကိုယ်စားလှယ် H.E Mr.HOR Sarun က မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံရှိ ကမ္ဘာ့အံ့ဖွယ် အန်းကောဝပ်ဘုရားကျောင်းမှစတင်၍ အာဆီယံ(၁၀)နိုင်ငံသို့  အစီအစဉ်တကျ ဆက်လက် ထွက်ခွာပြီး  ဧပြီ ၂၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲအထိမ်းအမှတ် မီးရှူးတိုင်အား ကမ္ဘောဒီးယား နိုင်ငံ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး ကော်မတီကိုယ်စားလှယ်က မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ စတင်သယ်ဆောင်လာပြီး ၎င်းမှတစ်ဆင့်  မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး၊ ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသို့ လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌသို့လည်းကောင်း၊ ၎င်းမှ မသန်စွမ်းအားကစားသမား၊ လှေလှော်အားကစားသမားတို့က လက်ဆင့်ကမ်းသယ်ဆောင်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ သို့လည်းကောင်း၊ ၎င်းမှ ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ကိုယ်စားလှယ်သို့ လွှဲပြောင်းပေးအပ်ပြီး ကမ္ဘောဒီးယားနိုင်ငံ သံရုံးအတွင်းသို့သယ်ဆောင်၍ ထွန်းညှိသိမ်းဆည်းထားကာ မြန်မာနိုင်ငံမှ လာအိုနိုင်ငံသို့ ဧပြီ ၂၂ ရက်တွင် ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)